မကွေးတိုင်းဒေသကြီး မလိုင်မြို့နယ်ရှိ မလှိုင်မြို့နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်းအား အမှတ်(၉၉) ခြေမြန်တပ်မဌာနချုပ်တွင် ဖမ်းဆီးထားပြီး အဆက်သွယ်မရဘဲ သတင်းအစနပျောက်ဆုံးနေသည်ဟု သိရသည်။
မလှိုင်မြို့နယ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်းသည်ယမန်နှစ် မတ်လ ခုနှစ်ရက်တွင် မိတ္ထီလာမြို့ နှင့် မလိုင်မြို့ကြားတွင် ဖမ်းဆီးခံခဲ့ရပြီး တပ်မ (၉၉)တွင် ချုပ်နှောင်ထားသည်ဟု မလှိုင်မြို့နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂအဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးမှ သံလွင်ခက်ကို ပြောသည်။
“၃လပိုင်း၇ရက်နေ့မှာ မိတ္ထီလာကို ပစ္စည်းတစ်ခုသွားယူဖို့သွားတယ် ၊၊ မိတ္ထီလာနဲ့ မလိုင်ကြား လမ်းတစ်ဝက်မှာပဲ အဖမ်းခံလိုက်ရတယ်၊၊အဖမ်းခံရတဲ့အချိန်မှာ အရပ်သားတစ်ဦးပါတယ်။ ကားတစ်စီးလဲပါတယ်၊၊ သူနဲ့အတူပါတဲ့အရပ်သားတစ်ဦးကိုတော့ ပိုက်ဆံတောင်းပြီး ပြန်လွှတ်ပေးပြီး သူ့ကိုတော့ဖမ်းသွားတယ် ၊၊
ကားကိုလဲ သိမ်းသွားတယ်၊၊ နောက်နေ့မှာ သူသိမ်းထားတဲ့ ပစ္စည်းတွေကို လိုက်ဖော်ခိုင်းပြီး တပ်မ၉၉ထဲကိုတစ်ခါတည်းခေါ်သွားတာ” ဟု ၎င်းကပြောသည်။
ဖမ်းဆီးခံရပြီးနောက် ယမန်နှစ် ဧပြီလ တစ်ရက်နေ့အထိသာ မိသားစုဝင်များနှင့် အဆက်သွယ်ရရှိခဲ့ပြီး ဧပြီလ နှစ်ရက်မှစ၍ အဆက်သွယ်ပြတ်တောက်သွားခဲ့ပြီး ယနေ့အချိန်ထိ အဆက်သွယ် ရရှိခြင်းမရှိဟု မိသားစုများနှင့်နှီးစပ်သူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
” သူအဖမ်းခံရပြီးနောက် အိမ်ကို အသုံးစရိတ်အတွက် ပိုက်ဆံတစ်သိန်း လှမ်းတောင်းတယ်၊၊အဲ့တော့ သူ့အိမ်ကလဲပို့ပေးလိုက်တယ်။ ၄လပိုင်းတစ်ရက်နေ့ထိ သူ့အိမ်နဲ့ အဆက်သွယ်ရသေးတယ်လို့ပြောတယ် ။ လေးလပိုင်း နှစ်ရက်နေ့ကစပြီး အဆက်သွယ်တွေလုံးဝပြတ်တောက်သွားတာ ဒီကနေ့အထိပဲ ” ဟု ၎င်းက ပြောသည်။
ယမန်နှစ် ဧပြီလ ၁၃ရက်နေ့တွင် တပ်မ၉၉ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းရာတွင်အကျဥ်းထောင်လွှဲပြောင်းလိုက်ပြီဟုသာဖြေကြာပြီး အကြောင်းတစ်စုံတစ်ရာ တိကျစွာ ဖြေကြားခဲ့ခြင်းမရှိဟု သိရသည်။
” သူ့အိမ်ကဆက်သွယ်တဲ့အချိန်မှာရော ကျွန်တော်တို့ဆက်သွယ်တဲ့အချိန်မှာရော မိတ္ထီလာမှာ မရှိတော့ဘူး တပ်မထဲမှာမရှိတော့ဘူး ထောင်လွှဲလိုက်တယ်လို့ပြောတယ်။ဘယ်ကိုလွှဲလိုက်လဲမေးတော့ ကျနော်တို့ကို တိကျတဲ့အဖြေမပေးဘူး မန္တလေး လွှဲတာလိုလို ရမည်းသင်းလွှဲတာလိုလို အဲ့လိုပဲပြောတယ် ” ဟု မလှိုင်မြို့နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
ထိုအဖွဲ့ချုပ်အနေဖြင့် ၎င်းတို့ဥက္ကဋ္ဌဟောင်း ရောက်ရှိနေသည့်နေရာ၊ နောက်ဆက်တွဲ အခြေအနေနှင့် ပတ်သတ်၍အချက်အလက်တွေ ထိန်ချန်ထားမည်ကို စိုးရိမ်မိကြောင်းနှင့် အကျဥ်းသားတစ်ဦးအတွက် ရသင့်သည့် အခွင့်အရေးမရရှိမည်ကို စိုးရိမ်မိကြောင်းကိုလည်း၎င်းကဆက်လက်ပြောကြားသည်။
ပုံစာ – ဝက်လက်ဒေသတွင် ဗကသအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီ ကျောင်းသားရဲဘော်များ ဖွင့်လှစ်ခဲ့သောအခြေခံကျောင်းမြင်ကွင်း။
ဓာတ်ပုံ – All Burma Federation of student Unions