ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ (၇) ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ CB ဘဏ်တွင် လူငယ်နှစ်ဦးက ခြိမ်းခြောက်ငွေလုယူစဥ် ဖမ်းဆီးခံလိုက်ရသည်ဟု ဒေသခံများထံမှ သိရသည်။
ယနေ့ မတ်လ ၁ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်နာရီအချိန်တွင် အဆိုပါဘဏ်အတွင်းသို့ ဝင်ရောက်လုယက်သူလူငယ်နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်ဟု အနီးနားရှိစျေးသည်တစ်ဦးကပြောသည်။
” ဘဏ်ရှေ့မှာ စစ်သားတွေ ရောက်လာပြီး လူငယ်နှစ်ဦးကိုဖမ်းသွားတာတွေ့တယ်။ ဘာဖြစ်တာလဲတော့ သေချာမသိဘူး။ လမ်းတွေဘာတွေ ပိတ်တာမရှိဘူး။ ပုံမှန်အတိုင်းပါပဲ “ဟု ၎င်းကပြောသည်။
အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ ဘဏ်အတွင်းသို့ လူငယ်နှစ်ဦးဝင်လာပြီး ပစ္စတိုသေနတ်နှင့်ဓါးမြှောင်ပြခြိမ်းခြောက်ကာဘဏ်ကောင်တာစားပွဲပေါ်တင် ထားသောကျပ်သိန်း ၆၅၀ ကိုလုယူပြီး ထွက်ပြေးရန်ပြင်ဆင်စဥ်လုံခြုံရေးအဖွဲ့ရောက်ရှိလာပြီး ဖမ်းဆီးခဲ့သည်ဟု စစ်ကောင်စီဝါဒဖြန့်သတင်းများက ဖော်ပြထားသည်။
လုယက်သူနှစ်ဦးမှာ၁၅ နှစ် နှင့် အသက်၁၄ နှစ်အရွယ် ပုဇွန်တောင်မြို့နယ်နေထိုင်သူများဖြစ်ပြီး ပစ္စတိုသေနတ်အတုတစ်လက်၊ ဓါးမြှောင်နှစ်ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီ ဝါဒဖြန့်မီဒီယာများကဖော်ပြထားသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ပုစွန်ထောင်CBဘဏ်ခွဲအား သံလွင်ခက်က ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ ခြိမ်းခြောက်မှုဖြစ်ပွားခဲ့ကြောင်း အတည်ပြုပြောကြားသော်လည်း ဖြစ်စဉ်ကို ဆက်လက်မေးမြန်းရာဖြေကြား၍မရကြောင်းပြောပြီး ဖုန်းချသွားခဲ့သည်။
ပုံစာ–ခြိမ်းခြောက်မှု ဖြစ်ပွားခဲ့သည်ဆိုသည့် ပုစွန်ထောင်CBဘဏ်ရှေ့၌ တွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။