အာဏာသိမ်း ၂ နှစ်တာ ကာလအတွင်း ကျန်းမာရေးဝန်ထမ်း ၇၀ ဦးခန့် သေဆုံးခဲ့ရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ယနေ့တွင် ထုတ်ပြန်သည်။
ထို့ပြင် ကျန်းမာရေးဝန်ထမ်း (၉၀၀) ဦးခန့် ကို ဖမ်းဆီးပြီး (၇၈၀) ဦးခန့်ကို ထိခိုက်ဒဏ်ရာရစေခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာဏာသိမ်းပြီးနောက် ဆေးရုံ/ဆေးခန်း (၁၆၀) ကျော်ကို လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖျက်ဆီးမှုကျူးလွန်ခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီအနေဖြင့် ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ (၂) လအတွင်း လေကြောင်းတိုက်ခိုက်မှုနှင့် အခြားဖြစ်စဉ်များကြောင့် ကျန်းမာရေးဝန်ထမ်းအပါအဝင် ဒေသခံ ၈ ဦး သေဆုံးခဲ့သည်။
ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ရက်များတွင် ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ် တည်ရှိရာ Camp Victoria စခန်းကိုလေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ချင်းအမျိုးသားတပ်ဦးမှ ရဲမေ (၂) ဦးနှင့် ရဲဘော် (၃) ဦး ကျဆုံးခဲ့ရပြီး ပြင်ပလူနာကုသဆောင်၊ ဆေးစတိုနှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည်။
ဇန်နဝါရီ ၂၁ ရက်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ဗဟင်းတိုက်နယ် ဆေးရုံကို စစ်ကောင်စီတပ်ကရဟတ်ယာဉ်ဖြင့် ပစ်ခဲ့ရာ ဆေးရုံ အနီးရှိ ဒေါ်ကြည်၊ အသက် (၆၂) နှစ် ကျည်ထိမှန် သေဆုံးခဲ့ပြီး ဆေးရုံရှိ ဓာတ်မှန်စက် အပါအဝင် ဆေးရုံနံရံနှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဇန်နဝါရီ ၂၉ ရက်တွင် မွေးလူနာကုသပေးပြီး အုတ်ဖိုမြို့ထဲသို့ ပြန်လာသည့် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊အေးမြသာယာ တိုက်နယ်ဆေးရုံမှ CDM သူနာပြုဆရာမ ဒေါ်မေဇွန်မိုးကို စစ်ကောင်စီ ခမရ ( ၆ ) မှတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးပြီးနောက် ဖေဖော်ဝါရီ ၁၆ ရက်၌ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မုဒိမ်းကျင့်ကာ သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီက ကျန်းမာရေးကဏ္ဍအပေါ် ပစ်မှတ်ထား၍ တိုက်ခိုက်နေခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions)၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ နိုင်ငံတကာဥပဒေများနှင့် ပြည်တွင်းဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်သည်ဟု NUG ကဆိုသည်။
စစ်ကောင်စီ၏ လုပ်ရပ်များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ပြင်းထန်စွာ ရှုတ်ချပြီးနိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဖြစ်နိုင်သည့် နည်းလမ်းမှန်သမျှကို အသုံးပြု၍ အမြန်ဆုံး ထိရောက်စွာတားဆီးအရေးယူ ဆောင်ရွက်ကြပါရန် NUG က တိုက်တွန်းထားသည်။
ပုံစာ – စစ်ကောင်စီက ကျန်းမာရေးဌာနများကို တိုက်ခိုက်ခဲ့ပြီးနောက် မြင်တွေ့ရသည့်မြင်ကွင်း
Photo – NUG