စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin attack force) နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားပြီး နှစ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ဦးခန့် သေဆုံးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလကုန်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားသည့် နေရာဒေသများတွင်တိုက်ပွဲ ၁၇ ကြိမ်ဖြစ်ပွားခဲ့သည်ဟု Chindwin attack force ၏ သတင်း ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကိုပြောသည်။
Chindwin attack force ၏ သတင်း ပြန်ကြားရေးတာဝန်ခံက “အမှတ် ၂ ရဲစခန်း၊ ညောင်ပင်ကြီးရဲစခန်း၊ သာစည်အကျဉ်းထောင်စတဲ့ စစ်ကောင်စီတွေထိန်းချုပ်ထားတဲ့နေရာမျိူးမှာ တိုက်ပွဲဖော်ဆောင်ခဲ့တာပါ” ဟုပြောသည်။
အဆိုပါတိုက်ပွဲများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းမလုံလောက်မှုများလည်း ဖြစ်ပေါ်နေသည်ဟု ၎င်းက ဆက်ပြောသည်။
Chindwin attack force အဖွဲ့သည် တိုက်ပွဲရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာကူညီထောက်ပံ့မှု ပြုလုပ်ကာပညာသင်ကြားမှုလည်း ပြုလုပ်နေသည်ဟု ဆိုသည်။
ထိုအဖွဲ့သည် ၂၀၂၁ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် NUG အသိအမှတ်ပြုအဖွဲ့အစည်းဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ပုံစာ−Chindwin attack force ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမြင်ကွင်း။
Photo-Chindwin attack force