နှစ်နှစ်တာကာလအတွင်း တိုင်းပြည်တည်ငြိမ်စေရေးအတွက် တပ်မတော် အနေဖြင့် ဥပဒေနှင့်အညီ ထိန်းထိန်းသိမ်းသိမ်းသာ ဆောင်ရွက် ခဲ့သည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ယမန်နေ့က ကျင်းပသည့်စစ်ကောင်စီအစည်းအဝေးတွင် ပြောကြားခဲ့သည်ဟု သိရသည်။
အဆိုပါအစည်းအဝေးကို နေပြည်တော်တွင် ကျင်းပခဲ့ပြီး အရေးပေါ်ကာလ ၆လတိုးပြီးနောက် အသစ်ထပ်မံဖွဲ့စည်းထားသည့် စစ်ကောင်စီအဖွဲ့ဝင်များပါဝင်သည့် ပထမဆုံး အစည်းအဝေးလည်းဖြစ်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယာယီသမ္မတဟု စစ်ကောင်စီမှ သတ်မှတ်ထားသည့် ဦးမြင့်ဆွေထံတင်ပြရာတွင် တပ်မတော်အနေဖြင့် ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အရေးပေါ်ကာလ ၆လထပ်မံကြေညာပြီး တိုင်းပြည်တည်ငြိမ်စေရေးအတွက် အချို့မြို့နယ်များတွင် စစ်အုပ်ချုပ်ရေး ကြေညာထားကြောင်း ထည့်သွင်းပြောကြားသွားသည်။
ထို့အပြင် ပြည်သူလူထုအနေဖြင့် ရွေးကောက်ပွဲပြန်လည်ကျင်းပပေးရန်၊ တည်ငြိမ်အေးချမ်းမှုရရှိအောင်ဆောင်ရွက်ပေးရန်နှင့် ကုန်စျေးနှုန်းကျဆင်းမှုရှိအောင်ဆောင်ရွက်ပေးရန် စသည့်အချက်သုံးချက်ကို အဓိကလိုလားနေသည်ဟု စစ်ခေါင်းဆောင်က ထပ်လောင်းပြောကြားသွားသည်။
၂၀၂၁ခုနှစ် ဖေဖော်ဝါရီ အာဏာသိမ်းချိန်မှစ၍ ယမန်နေ့အထိ သေဆုံးခဲ့ရသည့် အရပ်သားပြည်သူစုစုပေါင်းမှာ၃၀၂၆ ဦးအထိရှိလာပြီဖြစ်သည်ဟု နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏စာရင်းအရ သိရသည်။