စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အသုံးပြုမည့်Myanmar Electronic Voting Machine (MEVM)သည် အရည်သွေးပြည့်မှီခြင်းမရှိပဲ လုံခြုံရေးအရ အလွန်အားနည်းသော စက်ပစ္စည်းဖြစ်သည်ဟုရွေးကောက်ပွဲကျွမ်းကျင်သူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
စစ်ကောင်စီ ရွေးကောက်ပွဲတွင်အသုံးပြုမည့် MEVMသည် လုံခြုံရေးအရ အလွန်အားနည်းပြီး နိုင်ငံတကာတွင်သင်ထောက်ကူပစ္စည်းအဖြစ်သာ အသုံးပြုကြောင်း ယင်းကဆက်ပြောသည်။
“လုံခြုံရေးအရလည်း အရမ်းအားနည်းတယ်။ဘက်ထရီလဲ မခိုင်ဘူး။ နိုင်ငံတကာမှာတော့ ဒီစက်ကို သင်ထောက်ကူ ပစ္စည်းအနေနဲ့ပဲအသုံးပြုတယ် ။hackရတာလည်းလွယ်တယ်ဆိုတော့ ဒီစက်ကို နိုင်ငံတကာမှာတော့ မဲပေးဖို့အတွက်အသုံးမပြုကြဘူး“ဟု ၎င်းကပြောသည်။
MEVM တွင် ဆန္ဒပြုစက်၊ ဆန္ဒပြုမှုကိုမှန်ကန်မှု ရှိ၊မရှိ ပြသပေးသည့်စက်နှင့် ထိန်းချုပ်စက်များပါဝင်ပြီး စစ်ကောင်စီခန့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အာဏာသိမ်းစစ်ခေါင်းဆောင်ကို တင်ပြခဲ့သည်ဟု ယခုဖေဖော်ဝါရီ ၁၀ရက်တွင် ကြေးမုံသတင်းစာတွင်ဖော်ပြထားသည်။
MEVMကို မြန်မာနိုင်ငံတွင် ထုတ်လုပ်ထားသည်ဟု ကြေငြာထားသော်လည်း မည်သည့်နိုင်ငံ၏ နည်းပညာအထောက်အပံ့ရယူထားသည်ကို သိရှိရန် သံလွင်ခက်က ဆက်လက်စုံစမ်းဆဲဖြစ်သည်။
ထို့ပြင် စစ်ကောင်စီသည် ၎င်းတို့ အာဏာရရှိရေးအတွက်ကျင်းပမည့် MEVMစနစ် ရွေးကောက်ပွဲကို မဖြစ်မနေပြုလုပ်မည်ဖြစ်သည်ဟုလည်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “MEVM စနစ်ကို သူတို့က မဖြစ်နိုင်လဲ ဖြစ်နိုင်အောင်လုပ်ကြမှာပဲ။ electronic စနစ်နဲ့ဆိုရင် မဲစာရင်းတွေကိုပိုပြီးလိမ်လည်လို့ရနိုင်မယ့် အခွင့်အလမ်းတွေရှိတဲ့အတွက် အဲ့ဒီစနစ်ကိုမုချသုံးပါလိမ့်မယ်။electronic စနစ်ကိုသုံးခြင်းအားဖြင့် ဒီရွေးကောက်ပွဲဟာ လွတ်လပ်မှုလဲမရှိဘူး တရားမျှတမှုလည်း မရှိဘူးဆိုတာ ပိုပြီးပေါ်လွင်သွားမှာပါ“ဟု ပြောသည်။
ပြည်သူတစ်ဦးချင်းဆီတိုင်း၏ သဘောထားအမှန်ကိုသိရှိနိုင်ရန်အတွက် အမေရိကန်ကဲ့သို့သော အင်အားကြီးနိုင်ငံများ၏ရွေးကောက်ပွဲတွင်တောင် MEVM စနစ်ကိုအသုံးပြုခြင်းမရှိဟု ၎င်းကဆက်ပြောသည် ။
စစ်ကောင်စီသည် ၎င်းတို့ကျင်းပမည့်ရွေးကောက်ပွဲကို ယခုနှစ် ဩဂုတ်လအတွင်း ပြုလုပ်မည်ဟု ကြေငြာထားပြီး၂၀၂၂ခုနှစ် နှစ်ကုန်းပိုင်းလောက်မှစတင်၍ ကျေးရွာအချို့တွင် မဲစာရင်းကောက်ခံမှုများပြုလုပ်နေခဲ့သည်။
စစ်ကောင်စီကျင်းပမည့်ကျွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုများက ဆန့်ကျင်ကြောင်းထုတ်ပြန်ထားပြီးအမျိုးမျိုးဟန့်တားမှုများပြုလုပ်နေသည့်အပြင် ပြည်သူလူထုကိုလည်းရွေးကောက်ပွဲကိုလက်မခံရန် တိုက်တွန်းမှုများလုပ်ဆောင်လျက်ရှိသည်။
ပုံစာ – အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ထံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ Myanmar Electronic Voting Machine (MEVM) နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြနေခြင်း။