ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းကို စစ်ကောင်စီက ရေတပ်၊ ကြည်းတပ်တို့မှအင်အားများဖြည့်ပြီးစစ်ကြောင်းထိုးနေသည်ဟု ယနေ့တွင် ပလက်ဝ CDFက သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့်နှစ်ရက် ဖေဖော်ဝါရီ၁၂ရက်တွင် ရခိုင်ပြည်နယ် ကျောက်တော်မှနေ၍ Navy တပ်(ရေတပ်)က အင်အား၁၀၀ ဦးကျော် စစ်သင်္ဘော၂ စီးဖြင့် ချင်းပြည်နယ် ၊ ပလက်ဝ မြို့နယ်သို့တက်ခဲ့သည်။
ထို့နောက် ပလက်ဝ ၂၈၉ တပ်ရင်းမှ ကား၂စီးဖြင့် ဆမီးဗျူဟာတပ်ရင်းကို အင်အားဖြည့်ပြီး ဆမီးမြို့အနားကျေးရွာများဖြစ်သည့် စိုးနီကနောင် ၊ ဝါဒိန် ၊ ဝါကြတ်ချောင်းတို့မှာ အင်အား ၁၂၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေသည်။
မတူပီ–ဆမီး–ပလက်ဝ လမ်းမကြီးအကြားရှိကျေးရွာများ နှင့် ဆမီးချောင်း ၊ မီးချောင်း တလျှောက် ကျေးရွာများတွင် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုကြောင့် အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်သဖြင့် ပြည်သူများအသွားအလာသတိရှိစေရန် CDF-Paletwa က ယနေ့ ညနေပိုင်းတွင်သတိပေးထုတ်ပြန်ထားသည်။
ယခုလ ဖေဖော်ဝါရီ ၈ ရက်တွင် စမီးမြို့မှစစ်ကြောင်းသုံးကြောင်းဖြင့် ထိုးစစ်ဆင်လာသောစစ်ကောင်စီတပ်အားဝါတိန်း–ဟီဝအကြားတွင် ပလက်ဝCDF များက ချုံခိုတိုက်ခိုက်ခဲ့ရာ ၅ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် ဖေဖော်ဝါရီ ၁၂ ရက်တွင်လည်း စိုးနီကနောင်ကျေးရွာအနီးတွင် ခေတ္တတပ်စခန်းချနေသော အင်အား ၈၀ ဦးဝန်းကျင်ရှိစစ်ကောင်စီတပ်အား ပလက်ဝCDF နှင့် CDF-Mara တို့ပူးပေါင်း၍ ချုံခိုတိုက်ခိုက်ခဲ့ရာ ၁၀ ဦးထက်မနည်းထိခိုက်နည်းထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ချင်းပြည်နယ် ပလက်ဝ မြို့နယ်တွင် ယခုနှစ်စပိုင်း၌ စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုများကြောင့်တိုက်ပွဲများမကြာခဏဖြစ်ပွားနေသည်။
ပြီးခဲ့သောဇန်နဝါရီလတွင် ပလက်ဝမြို့နယ် CDF-Paletwa တပ်ရင်း–၂ ထိန်းချုပ်နယ်မြေနယ်အတွင်း၌ စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များ(CJDC -Special Force ၊CDF-Paletwa ၊CNA) အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများ၁၆ ဦး သေဆုံး၍ ထိခိုက်ဒဏ်ရာ အများအပြားရှိခဲ့သည်။
အဆိုပါတိုက်ပွဲအတွင်း ချင်းကာကွယ်ရေးတပ်များက MA-1 တစ်လက်သိမ်းဆည်းရမိခဲ့ပြီး ရဲဘော်၂ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီတပ်သားများ၏ပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူ ၁ ဦး အသက်ဆုံးရှုံးခဲ့ရသည်။