ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်စွဲထားသောနေရာတစ်ခုအားဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ယနေ့တွင် KNDF-B07တပ်ရင်းက သတင်းထုတ်ပြန်သည်။
ဒီးမော့ဆိုမြို့နယ်၊ ပူဖားကျေးရွာအတွင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များအား ယမန်နေ့ ဖေဖော်ဝါရီ ၁၀ရက် နံနက် ၁၀နာရီအချိန်တွင် KNDF B (07) နှင့် B (06) တို့ပူးပေါင်း၍ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
အထက်ပါတိုက်ခိုက်မှုအတွင်း လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။
အလစ်အငိုက်တိုက်ခိုက်မှုအတွင်း၌ စစ်ကောင်စီဖက်မှ ၁ဦးသေဆုံးကြောင်းအတည်ပြုနိုင်ခဲ့ပြီး ပူးပေါင်းတပ်မှအထိခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့သည်ဟု KNDF-B07 ကဖော်ပြထားသည်။
ကရင်နီပြည်နယ်အတွင်းရှိစစ်ကောင်စီတပ်များကို ဒေသခံကာကွယ်ရေးတပ်များကမကြာခဏတိုက်ခိုက်လျက်ရှိနေရာ ယခုလဖေဖော်ဝါရီ၉ ရက်တွင်လည်း လွိုင်ကော်မြို့နယ်တွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များအား KNDFနှင့်PDF တို့ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
လွိုင်ကော်မြို့နယ် ကယန်းသာယာလမ်းခွဲ နှင့် လင်ဖုံလေးကျေးရွာလမ်းခွဲရှိ စခန်းများအား KNDF B (14) ၊ B (02) ၊ Loikaw PDF တို့ပူးပေါင်း၍ တစ်ပြိုင်တည်း အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုတွင် ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်စခန်းများအား မိနစ် ၂၀ကျော်ကြာ တစ်ပြိုင်တည်းအလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုထိတွေ့မှုအတွင်း စစ်ကောင်စီဖက်မှ ကယန်းသာယာလမ်းခွဲစခန်းတွင် ၂ဦး ၊ လင်ဖုံလေးလမ်းခွဲတွင် ၂ဦးသေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာ ရရှိသူများလည်းရှိကြောင်း အတည်ပြုနိုင်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့များဖက်မှ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။