ထိုင်းအစိုးရ ခွင့်မပြုထားသည့် လုပ်ငန်းလုပ်ကိုင်နေသော မြန်မာများဖမ်းဆီးခံရ
************************
ဖေဖော်ဝါရီ ၁၀၊၂၀၂၃။
ထိုင်းနိုင်ငံတွင် လာရောက်လုပ်ကိုင်နေသော မြန်မာရွေ့ပြောင်းလုပ်သားများအား တရားမဝင်ပြည်ဝင်မှု၊ တရားဝင်အလုပ်လုပ်ကိုင်ရန်အထောက်ထားမပြည့်စုံမှု၊ နိုင်ငံခြားသားများအား ဝင်ရောင်လုပ်ကိုင်ခွင့်မပြုသည့် လုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်မှုတို့ကြောင့် ဖမ်းဆီးခံရမှုများ ရှိနေသည်ဟု သိရသည်။
ယခုလ ဖော်ဖော်ဝါရီ ၈ ရက်တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံခြားသားများအား လုပ်ကိုင်ခွင့်မပြုသည့် လုပ်ငန်းအား ဝင်ရောက်လုပ်ကိုင်သော မြန်မာနိုင်ငံသားများအား ဖမ်းဆီးခဲ့သည်ဟု မဲဆောက်မြို့၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။
မဲဆောက်မြို့ မယ်ပနှင့် မယ်တောင်တို့တွင် သုံးဘီးဆိုင်ကယ်(စန်မလော) မောင်းနှင်နေသည့် မြန်မာနိုင်ငံသား ၄ ဦးအား ဖေဖော်ဝါရီ ၈ ရက်မွန်းလွဲ ၂ နာရီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု မဲဆောက်တွင် စန်မလော မောင်းနေသူ တစ်ဦးကပြောသည်။
“ စန်မလောက ၄စီး ဖမ်းခံရတာဗျ။အခုကျွန်တော်တို့လဲ မမောင်းရဘူး နားထားရတယ်။ကျွန်တော်တို့ဘဝတွေက ဒီလိုပါပဲ အရဲစွန့်ပြီးလုပ်ရတာပေါ့။ဖမ်းခံထိရင် ဘတ်၁၅၀၀၀လောက် ပေးရတယ်။မပေးနိုင်ရင်တော့ထောင်ကျတယ်။ ဒီလိုပဲရှာစားနေရတာကို ဖမ်းခံထိရင်တော့လည်း ကိုယ့်ကံပဲလေ ” ဟု ၎င်းက ပြောသည်။
မဲဆောက်တွင် စန်မလောမောင်းရန် လိုင်းကြေးပေးထားသော်လည်း အလုပ်အတွက် အာခမံချက်မရှိသည်ကို ၎င်းကဆက်လက်ပြောကြားသည်။
“ စန်မလောမောင်းဖို့ တစ်လ ဘတ်၃ထောင် လိုင်းကြေးပေးရတယ်။ အဲ့ဒါကလည်း မဲဆောက်က ပုလိပ်တွေပဲရတာ။ တောမောင်း (ထိုင်းလဝက)က တစ်ခါတစ်လေ လာဝင်ဖမ်းရင်တော့ ရှောင်ရတယ်။ တောမောင်းလာဖမ်းရင် ဘာကဒ်ရှိရှိဖမ်းတာပဲ။ပိုက်ဆံပေးနိုင်ရင်တော့လွတ်တာပေါ့။ မပေးနိုင်ရင် ထောင်တစ်လနှစ်လ ကျတာတွေရှိတယ် ” ဟု ပြောသည်။
မဲဆောက်တွင် မြန်မာပြည်သားများ စန်မလောမောင်းနေကြကြောင်း တိုင်ကြားလာလျှင် ထိုင်းတာဝန်ရှိသူများက ဖမ်းဆီးကြပြီး မြန်မာနိုင်ငံသားများအား နိုင်ငံခြားသားများကို အလုပ်လုပ်ကိုင်ခွင့်မပြုသည့် လုပ်ငန်းဥပဒေဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု မဲဆောက်မြို့ လူဝင်မှုကြီးကြပ်ရေးဌာနမှ ထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၇ ရက် ညပိုင်းကလည်း ဘန်ကောက်မြို့ရှိ အထင်ကရ နေရာတစ်ခုဖြစ်သော ကမ္ဘာကျော်ခေါက်စန်လမ်းတွင် ရိုတီ(ပလာတာ)၊ Kebab စသည်တို့ကို တွန်းလှည်းဖြင့် ရောင်းချလုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၁၁ ဦးကို ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု သိရသည်။
၎င်းတို့သည် ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်လာပြီး အထောက်အထား တစ်စုံတစ်ရာ ပြနိုင်ခြင်းမရှိသည့်အတွက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုသိရသည် ။
ပုံစာ – ဖေဖော်ဝါရီ ၈ရက်နေ့က စန်မလောမောင်းသူ မြန်မာရွေ့ပြောင်းလုပ်သားများ ဖမ်းဆီးခံရသည့်မြင်ကွင်း။
Photo – Tak Immigration