စစ်ကောင်စီတပ်စခန်းအား KNDF နှင့်PDF တို့ပူးပေါင်း၍ ဝင်ရောက်တိုက်၊ စစ်သားများသေဆုံး
****************************
ဖေဖော်ဝါရီ ၁၀၊ ၂၀၂၃။
ကရင်နီပြည် လွိုင်ကော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုအား KNDF နှင့် PDF တို့ပူးပေါင်း၍ အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု KNDF-B14က ယနေ့တွင် ထုတ်ပြန်သည်။
လွိုင်ကော်မြို့နယ်တွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသော ကယန်းသာယာလမ်းခွဲနှင့် လင်ဖုံလေးကျေးရွာလမ်းခွဲရှိ စခန်းများအား ယန်မန်နေ့ ဖေဖော်ဝါရီ ၉ရက် ၊ နံနက်ပိုင်းတွင် KNDF B (14) ၊ B (02) ၊ Loikaw PDF တို့ပူးပေါင်း၍ တစ်ပြိုင်တည်း အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုတွင် ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်စခန်းများအား မိနစ် ၂၀ ကျော်ကြာ တစ်ပြိုင်တည်း အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထိုထိတွေ့မှုအတွင်း စစ်ကောင်စီဖက်မှ ကယန်းသာယာလမ်းခွဲစခန်းတွင် ၂ ဦး ၊ လင်ဖုံလေးလမ်းခွဲတွင် ၂ ဦး သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာ ရရှိသူများလည်းရှိကြောင်း အတည်ပြုနိုင်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့များဖက်မှ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု KNDF-B14 က ဖော်ပြထားသည်။
လတ်တစ်လောတွင် စစ်ကောင်စီတပ်မှ လွိုင်ကော်မြို့နယ်အတွင်း စစ်ကြောင်းထိုး လှုပ်ရှာခြင်းများ ပြုလုပ်နေသလို လက်နက်ကြီးများဖြင့်လည်း နေ့စဥ် ရမ်းသမ်းပစ်ခတ်ခြင်းများ ပြုလုပ်နေသောကြောင့် မိဘပြည်သူများအနေဖြင့် ခရီးဝေးသွားလာခြင်းများအား စစ်ရေးအခြေနေများကို အလေးထားဆင်ခြင်ပြီးမှသာ သွားလာကြရန် KNDF-B14 သတိပေးထားသည်။