ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကေအဲန်ယူတပ်မဟာ ၅ နယ်မြေအတွင်းသို့ စစ်ကောင်စီတပ်ကပြီးခဲ့သော ဇန်နဝါရီလတွင် လေကြောင်းမှ ဗုံးသီး ၁၅၄ လုံးကြဲချတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၁၄ ဦးသေဆုံး၍ ၁၁ ဦးဒဏ်ရာရရှိခဲ့သည်ဟု တပ်မဟာ ၅ မူတြော်သတင်းစဥ်က ယနေ့တွင်ထုတ်ပြန်ထားသည်။
ကေအဲန်ယူတပ်မဟာ၅ နယ်မြေအတွင်းရှိ ကျေးရွာများ လယ်ယာ၊ ဥယျာဥ်များအတွင်းသို့ စစ်ကောင်စီတပ်က ပြီးခဲ့သောလတွင်လေကြောင်းမှ ၂၄ ကြိမ်လာရောက်တိုက်ခဲ့ရာတွင် ဗုံးသီး ၁၅၄ လုံးထိကြဲချခဲ့ခြင်းဖြစ်သည်။
အေကဲန်ယူတပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်း၌ စစ်ကောင်စီတပ်က အရပ်သားပစ်မှတ်များကို လေကြောင်းမှမကြာခဏ ဗုံးကြဲတိုက်ခိုက်နေရာ ပြီးခဲ့သော ဇန်နဝါရီလအတွင်း၌ အရပ်သားပြည်သူ ၅ ဦးနှင့်အထက်သေဆုံးမှုနှစ်ကြိမ်ရှိခဲ့သည်။
ဇန်နဝါရီလ ၁၂ရက်တွင် မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ပေးကေးအုပ်စု လေးဝါးရွာအတွင်းကို စစ်ကောင်စီတပ်ကတိုက်လေယာဥ် ၄စီးဖြင့် ဗုံး ၈ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ခရစ်ယာန်ဓမ္မဆရာများနှင့် ၃နှစ်ခန့်အရွယ် ကလေးငယ်တို့အပါအဝင် ပြည်သူ၅ ဦးသေဆုံးခဲ့သည်။
အလားတူ ဇန်နဝါရီ ၇ရက်တွင်လည်း ဒွဲ့လိုးမြို့နယ်အတွင်းရှိနေရာ၇ နေရာအား တိုက်လေယာဥ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရွှေတူးဖော်နေသည့် လုပ်ငန်းရှင်မိသားစုများနှင့် အလုပ်သမားများ စုစုပေါင်း ပြည်သူ ၆ဦး သေဆုံးခဲ့သည်။
ပြီးခဲ့သောဇန်နဝါရီလတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူများထိခိုက်သေဆုံးနှင့်ဒဏ်ရာရရှိမှုများအပြင်ဘာသာရေးအဆောက်အဦး ၄ ခု၊ ဆေးရုံးဆေးခန်း ၄ ခုနှင့် အိမ်၅၀ ကျော်ထိခိုက်ပျက်စီးခဲ့သည်။
စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများကို နိုင်ငံအနှံ့တွင်ပြုလုပ်နေရာပြီးခဲ့သောဇန်နဝါရီလ၌ လေကြောင်းတိုက်မှုကြောင့် စစ်ကိုင်းတိုင်းကသာမြို့နယ်တွင် အလှူတွက် ချက်ပြုနေသော ပြည်သူ ၇ ဦးသေဆုံးခဲ့သည်။