ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်စစ်ဘေးရှောင်စခန်းများစီမံခန့်ခွဲမှုကော်မတီ၏ယာယီအထိုင်ရုံးကို စစ်ကောင်စီကလေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အဖွဲ့ဝင်အားလုံးထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်ဟု ယနေ့တွင်ထိုအဖွဲ့ကသတင်းထုတ်ပြန်သည်။
မင်းတပ်မြို့နယ်စစ်ဘေးရှောင်စခန်းများစီမံခန့်ခွဲမှုကော်မတီ၏ယာယီအထိုင်ရုံးဖြစ်သည့် ပလိပ်ထွီဘုန်းကြီးကျောင်းအဆောက်အဦးပေါ်ကို ဇန်နဝါရီလ ၂၃ရက်တွင် စစ်ကောင်စီက တိုက် လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အဆိုပါဗုံးကြဲမှုကြောင့် အဖွဲ့တစ်ဖွဲ့လုံးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဖွဲ့ဝင်နှစ်ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့သော်လည်းစိုးရိမ်ရသည့်အခြေအနေမရှိဟု သိရသည်။
ဗုံးကြဲမှုကြောင့် အဖွဲ့ဝင်များထိခိုက်မှုအပြင်ငွေသားသိန်းသုံးဆယ်၊ ရုံးသုံး Computer တစ်လုံး၊ Solar သုံးချပ်၊ Hymon Jeep ကား တစ်စီး ၊ Battery လေးလုံး၊ဖုန်းနှစ်လုံး၊ Printer တစ်လုံး ၊ ဆိုင်ကယ် နှစ်စီး ၊ ခြုံစောင်များ နှင့် အခြားလူသုံးကုန်ပစ္စည်း အားလုံးနီပါးပျက်စီးဆုံးရှုံးခဲ့ရသည်။
စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်များအားလုံးသည် လက်ရှိတွင် ခဏတာရှောင်တိမ်း၍ ဆေးကုသမှုခံယူနေကြပြီး ဆက်လက်၍စစ်ဘေးရှောင်များအတွက် အထောက်အပံ့ရရှိရေး ရိက္ခာဖြန့်ချီရေးလုပ်ငန်းများကို ပြန်လည်ကြိုးစားဆောင်ရွက်သွားမည်ဟု ထိုအဖွဲ့ကဖော်ပြထားသည်။
ဗုံးကြဲတိုက်ခိုက်ခံရသည့်အခြေအနေနှင့်ပတ်သတ်၍ အဆိုပါအဖွဲ့အား ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလိုင်းများမရ၍ဆက်သွယ်မရပေ။ ထို့ပြင် အင်တာနက်မှမေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းရှိသေးပေ။
မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်က ယခုလအစပိုင်းမှစ၍ ဖုန်းလိုင်းများဖြတ်တောက်ပြီး ဝေဟင်၊ မြေပြင်တို့မှ ထိုးစစ်ဆင်၍ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ပြစ်မှုများ နှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည်ဟု မင်းတပ် CDFက ယခုလ၂၃ရက်တွင် ထုတ်ပြန်ထားသည်။
အာဏာသိမ်း စစ်အုပ်စုသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့မှ စတင်ပြီး မင်းတပ်မြို့နယ် အတွင်းသို့ မြေပြင်၊ဝေဟင် စစ်ကြောင်းများဖြင့် တိုက်ခိုက်ခဲ့ပြီး ကလေးသူင ယ်များကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ ခရီးသွားလူငယ်များကို ဖမ်းဆီး သတ်ဖြတ်ခြင်း၊ အရပ်သား ပြည်သူများကို ပေါ်တာဆွဲခြင်း၊ ဘာသာရေး အဆောက်အဦးများ နှင့် လူနေအိမ်များ မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူပိုင် အသုံးအဆောင် ပစ္စည်းများ ခိုးယူခြင်း စသည်တို့ကို ကျူးလွန် လျက်ရှိပြီး ယခုတိုင် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
စစ်ကောင်စီလေတပ်မှ မင်းတပ်မြို့နယ်အတွင်းသို့ ဇန်နဝါရီလ ၇ ၊ ၈ ၊ ၂၁ရက် နှင့် ၂၃ ရက်နေ့ စသည့် ၄ ရက်တာကာလအတွင်း လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၈ ကြိမ် ပြုလုပ်ခဲ့ပြီး လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်လျက်ရှိနေသည်ဟု သိရသည်။
ယခုလအတွင်း လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ သေဆုံးမှုမရှိခဲ့သော်လည်း ဇန်နဝါရီလ ၁၀ရက်တွင်စစ်ကောင်စီတပ်စစ်ကြောင်း ပစ်ခတ်မှုကြောင့် လီလောင်းရွာအတွင်းရှိ ၁၇နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးသေဆုံးခဲ့သည်။
ပုံစာ–ဗုံးကြဲမှုကြောင့် မင်းတပ်မြို့နယ်စစ်ဘေးရှောင်စခန်းများစီမံခန့်ခွဲမှုကော်မတီ ယာယီအထိုင်ရုံးပျက်စီးမှုများ။