![]()
မူယန်း
ကရင်နီပြည်နယ်အတွင်း လာမည့်ရွေးကောက်ပွဲကာလနှင့် နီးကပ်လာသည်နှင့်အမျှ လေကြောင်းအန္တရာယ် စိုးရိမ်ရသည့်အတွက် စာသင်ကျောင်းများကို ယခင်နှစ်များထက် စောလျင်စွာ စာမေးပွဲဖြေဆိုစေပြီး ယာယီပိတ်ထားရသည်ဟု ပညာရေးအသိုင်းဝိုင်းမှ သိရသည်။
လက်ရှိတွင် ကရင်နီတပ်မတော် (KA) က ၂၀၂၅ ဒီဇင်ဘာ ၁၉ ရက်မှ ၂၀၂၆ ဇန်နဝါရီလ ၅ ရက်အထိ ကရင်နီပြည်နယ်အတွင်း စစ်ရေးအရ အရေးကြီးကာလအဖြစ် သတ်မှတ်ထားပြီး ပြည်သူများ သတိပြုကြရန် အသိပေးထုတ်ပြန်ထားခြင်းကလည်း ကျောင်းများ အလျင်အမြန် ပိတ်ရသည့် အကြောင်းရင်းတစ်ခု ဖြစ်သည်။
လုံခြုံရေးအခြေအနေ စိုးရိမ်ရသည့်အတွက် ယခုနှစ်တွင် စာမေးပွဲများကို ဒီဇင်ဘာလ ၈ ရက်မှ ၁၃ ရက်အတွင်း အပြီးသတ် ဖြေဆိုစေခဲ့ကြောင်း ကယန်းဒေသ အနောက်ဘက်ခြမ်းရှိ အသက် ၂၅ နှစ်အရွယ် ဒေသခံဆရာမတစ်ဦးက ပြောသည်။
“အရင်နှစ်ကဆိုရင် ဒီဇင်ဘာ ၁၅ ရက်ကျော်မှ ဖြေကြတာ။ ဒီနှစ်က ရွေးကောက်ပွဲနဲ့ နီးလာတော့ လေကြောင်းကို ပိုပြီး စိုးရိမ်နေရတာပေါ့နော်။ အဲဒါကြောင့် စာမေးပွဲကို စောစောနဲ့ မြန်မြန် လုပ်လိုက်ရတယ်။ အချိန်ကပ်ပြီး ဖြေလိုက်ရတော့ ကျောင်းသားတွေရဲ့ ရလဒ်က မျှော်မှန်းသလောက် မရနိုင်ဘူး။ ဘေးပတ်ဝန်းကျင်က ကျောင်းတွေလည်း ပိတ်ထားရသလို စစ်ဇုန်နဲ့နီးတဲ့ ကျောင်းတွေဆိုရင် လုံးဝပိတ်လိုက်ရတာ၊ ဒါမှမဟုတ် ဘေးလွတ်ရာ ပြောင်းရွှေ့လိုက်ရတာမျိုးတွေလည်း ရှိပါတယ်” ဟု ၎င်းက သံလွင်ခက်ကို ပြောသည်။
ထို့အပြင် ယခင်နှစ်က ကျောင်းပိတ်ရက် ၉ ရက်ခန့်သာ သတ်မှတ်ခဲ့သော်လည်း ယခုနှစ်တွင်မူ ၁၅ ရက်အထိ သတ်မှတ်ထားပြီး လုံခြုံရေးအခြေအနေ တစုံတရာ ဖြစ်ပေါ်လာပါက ကျောင်းပိတ်ရက် ပိုမိုကြာမြင့်နိုင်ဖွယ်ရှိသည်ဟု သိရသည်။
အကယ်၍ အခြေအနေဆိုးရွားလာပြီး ကျောင်းဆက်လက်ပိတ်ထားရပါက ကျောင်းသားများ မနစ်နာစေရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ရှိနေကြောင်းလည်း အဆိုပါ ဆရာမက ဆက်ပြောသည်။
“အခြေအနေတစ်ခုခု ဖြစ်လာခဲ့ရင် ပထမနှစ်ဝက်နဲ့ ဒုတိယနှစ်ဝက် နှစ်ခုရဲ့ ရလဒ်အပေါ် မူတည်ပြီး မူလတန်းနဲ့ အလယ်တန်းကို အတန်းတင်သွားဖို့လည်း ကြိုတင်စီစဉ်ထားတာတွေ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါဆရာမ တာဝန်ထမ်းဆောင်နေသည့်ကျောင်းသည် ပြီးခဲ့သည့် ကာလများအတွင်း လေကြောင်းမှ ၄ ကြိမ်တိုင်တိုင် တိုက်ခိုက်ခံခဲ့ရဖူးသည့် ကျောင်းတစ်ကျောင်းဖြစ်သည်။
ကယန်းဒေသ မြောက်ဘက်ခြမ်းမှ ၇ တန်းကျောင်းသူ မအင်ကြင်းခိုင်ကလည်း လက်နက်ကြီးအန္တရာယ်ကြောင့် ကျောင်းဆက်မတက်ရဲသည့် အခြေအနေကို ယခုလို ပြောသည်။
“သမီးတို့ကျောင်းကတော့ လက်နက်ကြီးကျလို့ ၁၁ လပိုင်းကတည်းက ပိတ်ထားရတာပေါ့နော်။ လေယာဉ်လည်း ကြောက်ရ၊ လက်နက်ကြီးလည်း ကြောက်ရတယ်။ သမီးသူငယ်ချင်းတချို့ဆို သူတို့မိဘ အဆင်ပြေတော့ တခြားကျောင်း ပြောင်းသွားကြပြီ။ တချို့ကတော့ ကျောင်းမတက်ချင်ကြတော့ဘူး။ ကျောင်းပြန်ဖွင့်ခဲ့ရင် သမီးကတော့ ပြန်တက်ချင်ပါတယ်”
ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ ရက်က ထုတ်ပြန်ထားသော ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ပညာရေးဌာန၏ စာရင်းများအရ ပြည်နယ်အတွင်း စာသင်ကျောင်းပေါင်း ၄၇၀ နှင့် ကျောင်းသူ ကျောင်းသား ဦးရေ ၅၇,၀၀၀ ကျော်ရှိရာ ယခု အခြေအနေကြောင့် ကလေးငယ်အများစု၏ ပညာရေးအပေါ် သက်ရောက်မှုများ ရှိနေသည်။
လက်ရှိအချိန်တွင် ကရင်နီပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်းရှိ ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးအန္တရာယ်များကြောင့် ကလေးငယ်များ၏ ပညာသင်ယူခွင့် အခွင့်အရေးများစွာ ဆုံးရှုံးနေရသည်။
#လေကြောင်းရန် #ကရင်နီကျောင်း #ရက်စောပိတ် #ThanLwinKhetNews
