![]()
ခင်သရဖီဦး
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ဆေးရုံ ဗုံးကြဲခံရမှုအတွင်း မိဘနှစ်ပါးလုံး သေဆုံးသွားခဲ့သည့် ပုဏ္ဏားကျွန်းမြို့နယ်၊ တောင်နားကျေးရွာမှ အသက်မပြည့်သေးသည့် ကလေးငယ် လေးဦးမှာ လက်ရှိတွင် လူမှုရေးနှင့် စားဝတ်နေရေး အကူအညီများ အရေးပေါ် လိုအပ်နေသည်ဟု သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်က စစ်တပ်၏ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံအတွင်းရှိ လူနာနှင့် လူနာစောင့်များ သေဆုံးခဲ့ရခြင်းဖြစ်သည်။
သေဆုံးသူများမှာ မိခင်ဖြစ်သူ ဒေါ်နုနုရီနှင့် ဖခင်ဖြစ်သူ ဦးခင်အေးမောင်တို့ဖြစ်ကြသည်။ ဗုံးကြဲမှုကြောင့် မိဘမဲ့ဖြစ်သွားရရှာသည့် ကလေးငယ်များမှာ အသက် ၁ နှစ်ခွဲအရွယ် မဝိုင်းစုစံ နှင့် အသက် ၆ နှစ်အရွယ် မစုစုမွန်၊ သမီးကြီး မစုစုနွယ်နှင့် သားကြီးဖြစ်သူ မိုးဇော်ဦးတို့ ဖြစ်ကြသည်။
၎င်းတို့၏ မိခင်ဖြစ်သူမှာ မြောက်ဦးဆေးရုံတွင် ဝမ်းဗိုက်ခွဲစိတ်ကုသမှု ခံယူရန် ဆေးရုံတက်နေခြင်းဖြစ်ပြီး ဖခင်ဖြစ်သူမှာ ဇနီးဖြစ်သူအား လူနာစောင့်အဖြစ် လိုက်ပါကူညီနေစဉ် ဗုံးကြဲမှုအတွင်း နှစ်ဦးစလုံး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ကျန်ရစ်သည့် ကလေးငယ်များကို မိခင်၏ ညီမဖြစ်သူနှင့်အတူ နေထိုင်နေကြသော်လည်း ရေရှည်ဘဝရှေ့ဆက်ရန်အတွက် အခက်အခဲများစွာ ရှိနေကြောင်း ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး (PYA) မှ ကိုပြည့်ဖြိုးနိုင်က ပြောသည်။
“သူတို့က အခု မိခင်ဖြစ်သူရဲ့ ညီမနဲ့ နေနေကြပါတယ်။ အစ်ကိုအကြီးဆုံးကလည်း နိုင်ငံခြားထွက်သွားတာ မကြာသေးတော့ အိမ်မှာက ကလေးငယ်လေးတွေပဲ ကျန်ခဲ့တာပါ။ သူတို့ရဲ့ ရှေ့ဆက်မယ့် ဘဝခရီးအတွက် အများကြီး အခက်အခဲရှိနေတော့ ထောက်ပံ့ကြေးတွေ ရနိုင်ရင် အကောင်းဆုံးပါပဲ” ဟု ကိုပြည့်ဖြိုးနိုင်က ဆိုသည်။
ယခုကဲ့သို့ မိဘမဲ့ဖြစ်သွားရသည့် ကလေးငယ်များ၏ ပညာရေးနှင့် ရေရှည်ရှင်သန်ရေးအတွက် အလှူရှင်များနှင့် လူမှုကူညီရေးအဖွဲ့အစည်းများ၏ အကူအညီများကို လိုအပ်နေသည်ဟု သိရသည်။
အကူညီပေးလိုသူများ ဆက်သွယ်ရန် – https://www.facebook.com/share/17gnRCpXN6/
#မြောက်ဦးဆေးရုံဗုံးကြဲခံရမှု #ကလေးငယ်လေးဦး #အကူအညီလိုအပ် ##ThanLwinKhetNews
