![]()
သျှင်မြတ်ဖြူ
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တွင် အခြေစိုက်လှုပ်ရှားနေသော အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် နယ်စပ်ဒေသတည်ငြိမ်ရေးကို များစွာအနှောင့်အယှက်ဖြစ်စေသည်ဟု (ဒီဇင်ဘာ ၁၅)ရက်၊ ယနေ့တွင် အာရက္ခတပ်တော်(AA)က ထုတ်ပြန်သည်။
ယနေ့တွင် အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် အာရက္ခ – ဘင်္ဂလားနယ်စပ်၊ မောင်တောခရိုင်၊ အထက်ကျီးကျွန်း၊ နယ်စပ်မှတ်တိုင် (၂၀/၂၁) အကြားရှိ နယ်စပ်လုံခြုံရေးစခန်းတစ်ခုအား အင်အား (၁၀) ဦးခန့်ပါဝင်သော အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက်လက်နက်ကိုင်အဖွဲဝင်များက ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှ ဖြတ်ကျော်ဝင်ရောက်လာခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် ၎င်းတိုသည် လက်နက်ငယ်များအပါအဝင် 40 MM (79) လက်နက်ကြီးများဖြင့် မိနစ်အနည်းငယ်ကြာ အလစ်အငိုက် ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
AAတပ်ဖွဲဝင်များမှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အဆိုပါ စစ်သွေးကြွ အကြမ်းဖက် လက်နက်ကိုင်အဖွဲသည် ဘင်္ဂလာဘက်ခြမ်းရှိ BGB နယ်ခြားစောင့်စခန်းတစ်ခုအနီးသို ဆုတ်ခွာထွက်ပြေးသွားခဲ့ကြသည်ဟု ထည့်သွင်းပြောဆိုထားသည်။

ရိုဟင်ဂျာအမည်ခံထားသော အဆိုပါ လက်နက်ကိုင်အကြမ်းဖက်သမားများသည် စစ်ရေးပစ်မှတ်များကို အလစ်အငိုက်တိုက်ခိုက်ခြင်း၊ ချောင်းမြောင်းပစ်ခတ်ခြင်းများအပြင် အရပ်သားပြည်သူလူထုကို ပစ်မှတ်ထား၍ ချုံခိုတိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် ငွေညှစ်ခြင်းများကိုပါ ကြိမ်ဖန်များစွာ ကျူးလွန်နေကြကြောင်း အာရက္ခတပ်တော်က ဆိုသည်။
၎င်းအပြင် ရှိနှင့်ပြီးသားနှင့် တည်ဆောက်နေကြသော ယုံကြည်မှုများကို ဆုတ်ယုတ်စေကာ မလိုလားအပ်သော နောက်ဆက်တွဲများဖြစ်ပေါ်လာမည်ကို စိုးရိမ်မိသည်ဟု ဆိုသည်။

“နယ်စပ်ဆိုတာမျိုးက အရင်ကလို တင်းတင်းကျပ်ကျပ် ပိတ်လိုရတဲ့နေရာမျိုးတော့ မဟုတ်ဘူး။ ကုန်သွယ်မှုစီးဆင်းမှု၊ ဆေးဝါးတွေကအစ ဘင်္ဂလားဒေ့ရှ်ကို အားကိုးပြီး နေရတာပါ။ အရင်ကလိုမျိုး ဘင်္ဂလာပြည်ဘက်ကနေ ဝင်တာတော့ မရှိတော့ဘူး။ ဒါပေမဲ့ ကုန်စည်စီးဆင်းမှုက အရင်ကလောက်တော့ မရှိဘူး။ ကြန့်ကြာတာတွေ ရှိပါတယ်” ဟု နယ်စပ်အခြေအနေနှင့် ပတ်သက်၍ မောင်တောဒေသခံတစ်ဦးက ပြောသည်။

အာရက္ခဒေသအတွင်း လွန်ခဲ့သည့် (၂) နှစ်တာကာလ၌ ရိုဟင်ဂျာအမည်ခံ လက်နက်ကိုင်အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် အရပ်သား ၁၄၇ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အာရက္ခတပ်တော်၊ လူသားချင်းစာနာထောက်ထားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ဒီဇင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။
