![]()
“ဒီလောက်လောက် ကမ္ဘာကြီးမှာ မတရားသတ်ဖြတ်နေတဲ့ အစိုးရတစ်ရပ်ကို ဝိုင်းဝန်းပြီးတော့ ကြည့်ရှုစောင့်ရှောက်ကြတယ်။ ဩဘာပေးကြတယ်ဆိုရင်တော့ သူတို့ကိုယ်တိုင်လည်း ကြံရာပါဖြစ်လိမ့်မယ်လို့ ယူဆပါတယ်”
လက်ရှိကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသည့် ကိုဝေဟင်အောင်နှင့် ဆက်သွယ်မေးမြန်းချက်
🟩 မနေ့ညက မြောက်ဦးပြည်သူ့ဆေးရုံကို စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။
ကိုဝေဟင်အောင် – ဖြစ်စဉ်က မနေ့ညနေ ဒီ ဒီဇင်ဘာ ၁၀ ရက်နေ့ ည ၉ နာရီ ၁၃ မိနစ်လောက်မှာ အကြမ်းဖက်စစ်ကောင်စီက ဒီ မြောက်ဦး ပြည်သူ့ဆေးရုံကို ပေါင် ၅၀၀ ဗုံး နှစ်လုံးနဲ့ လာပစ်ခတ်ခဲ့တာရှိတယ်ဗျ။ တစ်လုံးကတော့ ကွင်းစပ်လေးကိုကျတယ်။ နောက် တစ်လုံးကကျရင်တော့ ဒီတကယ်လူနာတွေ ဆေးကုနေတဲ့ အဆောင်ကို တည့်တည့်ထိမှန်သွားတာရှိတယ်။
အခုလက်ရှိ ကျွန်တော်တို့ ရှာဖွေရထားတဲ့ အလောင်းအရဆိုရင်တော့ စုစုပေါင်းအလောင်းက ၃၃ လောင်းလောက် ကျွန်တော်တို့ ရှာဖွေရထားတာ ရှိတယ်။ ဒါပေမယ့် ပိုင်ရှင်တွေကတော့ ပေါ်မလာသေးဘူးဗျ။ ဒီထဲမှာ အမျိုးသမီးက ၁၇ ယောက်ရယ် အမျိုးသားက ၁၆ ယောက်ပါ။ ဒီထက်လည်း သေဆုံးမှုက တိုးလာနိုင်သေးတယ်လို့ ကျွန်တော်တို့ ယူဆလို့ရတယ်။ နောက်တစ်ပိုင်းကကျရင် အဲ့ဒီမှာ ထူးထူးခြားခြားက ကလေးလေးတွေ ပါတယ်ဗျ။ ပြီးတော့ မွတ်စလင်အမျိုးသားတွေ အလောင်းတွေကိုလည်း ကျွန်တော်တို့ တွေ့တယ်။
ပြီးတော့ ထိခိုက်ဒဏ်ရာရတဲ့သူကကျရင် ကျွန်တော်တို့ ၅၈ ယောက်လောက် ထိခိုက်ဒဏ်ရာရတာ ရှိတယ်။ ဒါပေမယ့် အသေးစား အလတ်စား ပြန်ခွဲမယ်ဆိုရင်တော့ စုစုပေါင်း ၇၀ ပတ်ဝန်းကျင်လောက် ဖြစ်မယ်လို့ ယူဆရတယ်။ အဲ့ဒီထဲမှာ စိုးရိမ်ရတဲ့သူကကျရင် ၁၀ ကျော်လောက် ပါတယ်ဗျ။ ဒီထဲမှာလည်း သေနှုန်းက နောက်ထပ်နည်းနည်း တိုးလာဦးမယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။အခုညနေကတော့ တကယ်ပစ်တဲ့ အချိန်မှာတော့ သေချာပါတယ်။ မီးတွေ အကုန်လုံး ပိတ်ပြီးတော့ မှောင်မှောင်စမ်းစမ်း ပြေးကြတာနဲ့ ထိခိုက်ဒဏ်ရာရတဲ့ဟာကတော့ ပိုဆိုးတယ်ဗျ။ အလဲလဲ အကွဲကွဲတွေ ဖြစ်တာပေါ့။
🟩ဗုံးမကြဲခင်ကရော စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေကို ဘယ်လို မြင်ရလဲ။
ကိုဝေဟင်အောင် – သူတို့ကင်းထောက်ဒရုန်းတွေကတော့ မကြာခဏရောက်ပါတယ် ဒီဘက်မှာ။ သူတို့ဘက်ကလည်း အချိန်ပြည့် စောင့်ကြည့်နေတယ်လို့ ယူဆတယ်။ တဖက်ကလည်း သူတို့က ဒီ နည်းပညာတွေ တိုးတက်လာတဲ့အပိုင်းတွေအရ ဒီ သူတို့ ကင်းထောက်တဲ့အပိုင်းတွေ တော်တော်ကောင်းလာတယ်လို့ ယူဆတာပေါ့နော်။
🟩 အခု ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ရော ဘယ်လို သုံးသပ်ပါသလဲ။
ကိုဝေဟင်အောင် – ဒါပေမယ့် ဒီဆေးရုံတို့ကကျရင် သူတို့အဓိက ဒီ ကျွန်တော်တို့ အတွေ့အကြုံအရပါ အတွေ့အကြုံအရဆိုရင် ဒီရခိုင်မှာ စစ်ဖြစ်ကတည်းကနေ သူတို့ ဒီတိုက်ရိုက် လာပြီးတော့ ဆေးရုံတွေကို ဗုံးကျဲတာဆိုရင် ဒီအကြိမ်နဲ့ဆိုရင် မရှိဘူးဆိုရင်လည်း ၄ ၊ ၅ ၊ ၆ ကြိမ်လောက်တော့ ရှိပြီလို့ ယူဆတယ်။ ရခိုင်ပြည်တစ်ပြည်နယ်လုံးမှာ သူတို့ ဒီ လေယာဉ်နဲ့ တိုက်ရိုက် လာရောက်ပစ်ခတ်ထဲမှာဆိုရင် ဒီအကြိမ်ဟာ အသေအနှုန်းအများဆုံးနဲ့ ထိခိုက်ဒဏ်ရာရဆုံး အများဆုံး အကြိမ်လို့ ပြောလို့ရတယ်ဗျ။ အရှေ့မှာလည်း သူတို့ ရှိခဲ့တယ်။ ဟိုမှာ ဒီ မင်းပြားမြို့နယ် မင်းဖူးဆေးရုံတို့ကို ပစ်ခဲ့တာရှိတယ်။ သံတွဲဆေးရုံတို့ကို ပစ်ခဲ့တာရှိတယ်ဗျ။ ဒီ ပုဏ္ဏားကျွန်းမှာကျရင် ပုဏ္ဏားကျွန်းဆေးရုံတို့ကိုလည်း သူတို့ ပစ်ခတ်ခဲ့တာရှိတယ်။
ဒီဆေးရုံတွေကို အဓိကထားပြီးတော့ ဒီကျောက်တော်မြို့နယ်မှာ ဝက်ကြီးထောင့်ဆေးရုံတို့ကိုလည်း သူတို့ ပစ်ခတ်ခဲ့တာရှိတယ်။ သူတို့က ဒီဆေးရုံတွေကို အဓိကထားပြီးတော့ Target ထားပြီး ပစ်ခတ်ခဲ့တာရှိတယ်။ ဘုန်းကြီးကျောင်းတွေကို ပစ်တဲ့ဟာရှိတယ်။ စာသင်ကျောင်းတွေကို ပစ်တဲ့ဟာရှိတယ်ဗျ။
ကျွန်တော်တို့ ဒီရခိုင်က စစ်ဖြစ်ကတည်းကနေပြီးတော့ သူတို့က ရနိုင်သမျှ အပေါက်တွေကိုပိတ် ရခိုင်ကို လာသမျှဟူသမျှကို ဖြတ်တောက်ထားတဲ့ နေရာပေါ့။ တစ်ဖက်မှာ ပြောမယ်ဆိုရင် လျှပ်စစ်မီးဆိုတာကလည်း ဒီပြင်ပဘက် လာလို့ရမှ ကျွန်တော်တို့က မီးရတယ်။ ဒေသမှာ မီးမရခဲ့တဲ့အချိန်က တော်တော်ကြာပြီ။ ဖုန်းလိုင်း အင်တာနက်လိုင်း မရတာလည်း တော်တော်ကြာပြီဗျ။ သူတို့ ပိတ်ထားတာပေါ့နော်။
🟩 ဒီဇင်ဘာ ၁၀ ရက်နေ့က နိုင်ငံတကာလူ့အခွင့်အရေးနေ့ဖြစ်တယ်။ ဒီလို နေ့မျိုးမှာမှ အခုလို တိုက်ခိုက်မှုကို စစ်တပ်က လုပ်ဆောင်တာနဲ့ပတ်သက်ပြီး ဘယ်လို မြင်ပါသလဲ။
ကိုဝေဟင်အောင် – တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ မနေ့ကဆိုရင် နိုင်ငံတကာလူ့အခွင့်အရေးနေ့လည်းဖြစ်တယ်။ တကယ် နေ့ကြီးနေ့မြတ်တစ်ခုပေါ့နော်။ လူ့အခွင့်အရေးကို ပြဋ္ဌာန်းတဲ့နေ့လည်းဖြစ်တယ်။ ဒီလိုနေ့မျိုးမှာ ဒီလိုလာရောက်ပစ်တယ်ဆိုတာကတော့ ဒါကတော့ တော်တော်လေး ယုတ်မာတာထက်ကိုတောင်မှ လွန်သွားပြီလို့ ကျွန်တော်က မြင်တယ်ဗျ။ နဂိုကတည်းက အကြမ်းဖက်အဖွဲ့အစည်းတစ်ရပ်အနေနဲ့ ပြနေတဲ့ အဖွဲ့အစည်းတစ်ရပ်ကဆိုရင် မနေ့ကအခင်းအကျင်းဆိုရင်တော့ ဒီ အကြမ်းဖက်တာထက်တောင်မှကို လွန်သွားပြီ။ ယုတ်ညံ့သွားပြီလို့ ပြောရင်ရပါတယ်။
🟩 စစ်ဥပဒေ၊ စစ်သားကျင့်ဝတ်နှင့် လူသားကျင့်ဝတ် ရှုထောင့်တွေအရ ပြည်သူတွေ ဆေးကုသတဲ့ နေရာကို အခုလို တိုက်ခိုက်တဲ့အပေါ်ရော ဘာပြောချင်ပါသလဲ။
ကိုဝေဟင်အောင် – နိုင်ငံတကာမှာ စစ်ဥပဒေဆိုတာရှိတယ်ဗျ။ International War Law တွေရှိတယ်ပေါ့။ ဒီစစ်ဥပဒေအရပဲကြည့်ကြည့်၊ စစ်သားတစ်ယောက် ကျင့်ရမယ့် ကျင့်ဝတ်အရပဲကြည့်ကြည့် လူသားတစ်ယောက် ကျင့်ဝတ်အရပဲကြည့်ကြည့် အများပြည်သူ ဆေးကုသတဲ့နေရာ သူတို့ကျန်းမာရေးရဲ့ သူတို့ အသက်ရှင်ရပ်တည်ရေးအတွက် ဆေးကုသတဲ့နေရာကိုတောင်မှ ဒီလိုရည်ရွယ်ချက်ရှိရှိ လာရောက်ပစ်တယ်ဆိုတာကတော့ ဒါကတော့ ဘယ်ဥပဒေနဲ့မှ ကျွန်တော်တို့ တိုင်းတာလို့မရတော့ဘူး။ ပြောမယ့် စကားလုံးလည်း မရှိတော့ဘူး။ ဒါက ယုတ်မာတာ တော်တော်လွန်သွားပြီ။
🟩အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းကိုရော ဘာတောင်းဆိုချင်ပါသလဲ။
ကိုဝေဟင်အောင် – ကျွန်တော်တို့ကတော့ နိုင်ငံတကာကလည်း ဒီဟာနဲ့ပတ်သက်ပြီးတော့ အသံကတော့ မတိတ်စေချင်ဘူး။ နိုင်ငံတကာဟာ မြန်မာနဲ့ပတ်သက်ပြီးတော့ သူတို့ အသံတိတ်တာ တော်တော်ကြာပြီ။ နိုင်ငံတကာဟာ မြန်မာနဲ့ပတ်သက်ပြီးတော့ သူတို့ ဥပက္ခာပြုထားတာ တော်တော်ကြာပြီ။ သူတို့ နိုင်ငံတကာကလည်း ဒီဟာနဲ့ပတ်သက်ပြီးတော့ ဝိုင်းဝန်းပိတ်ဆို့တာတို့ အရေးယူတာတို့ကိုတော့ လုပ်စေချင်တယ်ဗျ။ ဒီလောက်လောက် ကမ္ဘာကြီးမှာ မတရားသတ်ဖြတ်နေတဲ့ အစိုးရတစ်ရပ်ကို ဝိုင်းဝန်းပြီးတော့ ကြည့်ရှုစောင့်ရှောက်ကြတယ်။ ဩဘာပေးကြတယ်ဆိုရင်တော့ သူတို့ကိုယ်တိုင်လည်း ကြံရာပါဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။
🟩 အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
#မြောက်ဦးပြည်သူ့ဆေးရုံ #မြေပြင်အခြေအနေ #ThanLwinKhetNews
