![]()
မြန်မာစစ်တပ်က ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုရှိသည်ဟု ယူဆရမည့် အခြေအနေမရှိဟု ယူကေအစိုးရက သုံးသပ်ပြောဆိုသည်။
လေးနက်ပြီး အဓိပ္ပာယ်ရှိသော ရွေးကောက်ပွဲတစ်ခု ဖြစ်လာစေရန် အကြမ်းဖက်မှုများ အဆုံးသတ်ရေးနှင့် သက်ဆိုင်ရာအဖွဲ့အသီးသီးနှင့် တွေ့ဆုံဆွေးနွေးရေးတို့ လိုအပ်သော်လည်း လက်ရှိ စစ်ကော်မရှင်၏ ပြင်ဆင်ဆောင်ရွက်မှုများမှာ ထိုအခြေအနေများနှင့် ကိုက်ညီမှုမရှိဟု ယူကေဘက်က ထောက်ပြသည်။
ထို့ပြင် လက်ရှိအခြေအနေများကြား ရွေးကောက်ပွဲကျင်းပခြင်းသည် တင်းမာမှုနှင့် အကြမ်းဖက်မှုများကို ပိုမိုဆိုးရွားစေနိုင်ရုံသာမက စစ်မှန်သည့် ဖြေရှင်းနည်းများနှင့် ပိုမိုဝေးကွာသွားစေနိုင်သည်ဟုလည်း ယူကေအစိုးရက ဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၁၀ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ယူကေနိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးရုံး (FCDO) က ထုတ်ပြန်သည့် ကြေညာချက်တွင် ထိုသို့ ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။
ယနေ့ထုတ်ပြန်ချက်တွင် ရွေးကောက်ပွဲကိစ္စအပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ နှင့်အညီ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့် အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများအားလုံးကို ချက်ချင်းလွှတ်ပေးရန်လည်း ယူကေအစိုးရက ထပ်မံတောင်းဆိုလိုက်သည်။
အာဏာသိမ်းမှု ၅ နှစ်နီးပါး ကြာမြင့်လာချိန်တွင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ အဆုံးသတ်ရေးနှင့် အာဆီယံဘုံသဘောတူညီချက် (၅) ချက်ကို အကောင်အထည်ဖော်ရေးတို့ကို တိုက်တွန်းထားသည်။
မကြာသေးမီက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ အပါအဝင် အရပ်ဘက် အခြေခံအဆောက်အအုံများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းအပေါ် အလွန်ထိတ်လန့်မိကြောင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှု ကြုံတွေ့နေရသူများနှင့်အတူ တစည်းတလုံးတည်း ရပ်တည်ကြောင်း ယူကေနိုင်ငံခြားရေးရုံး ပြောရေးဆိုခွင့်ရှိသူက ပြောထားသည်။
ယူကေအစိုးရအနေဖြင့် မြန်မာနိုင်ငံသားများ၏ ငြိမ်းချမ်းသော ဒီမိုကရေစီအနာဂတ် ရည်မှန်းချက်များကို ဆက်လက်ကူညီသွားမည်ဖြစ်ပြီး ဖြစ်ပေါ်ပြောင်းလဲမှုများကို အနီးကပ်စောင့်ကြည့်ကာ အရပ်သားပြည်သူများ၏ အသက်အိုးအိမ်ကို ဦးစားပေးကာကွယ်ရန် စစ်တပ်အား ဆက်လက်တိုက်တွန်းသွားမည်ဟု ဆိုထားသည်။
#ရွေးကောက်ပွဲ #တရားမျှတမှုရှိမည်မဟုတ် #ယူကေအစိုးရ #ThanLwinKhetNews
