![]()
ခင်သရဖီဦး
ကျောက်ဖြူတွင် စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း အာရက္ခတပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။
စစ်တပ်နှင့် AA တို့ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် တပ်ဆုတ်ပေးနေရသည့် အခြေအနေဖြစ်သည်ဟုလည်း ဦးခိုင်သုခက ဆိုသည်။
“ကျောက်ဖြူတိုက်ပွဲကတော့ ဆက်ပြီး ပြင်းထန်နေတယ်။ ကျနော်တို့က ဆုတ်ပေးလိုက်ရင် သူတို့ ပြန်သိမ်းတယ်။ နောက် ကျနော်တို့က ထပ်သိမ်းလိုက်တယ်။ တချို့နေရာတွေကို သူတို့ လာတိုက်ရင် ကျနော်တို့ ပြန်ပေးလိုက်တာရှိတယ်။ ပြီးတော့ ပြန်သိမ်းတာပေါ့။ အပြန်အလှန်ပေါ့” ဟု ၎င်းက ဆိုသည်။
အာရက္ခတပ်တော်က ပြီးခဲ့သည့် အောက်တ်ိုဘာလထဲတွင် သိမ်းပိုက်ထားသည့် ကျောက်ဖြူမြို့နယ် မင်းပြင်ကျေးရွာရှိ စစ်ကော်မရှင်တပ် ရေဒါစခန်းအား စစ်တပ်ကနိုဝင်ဘာ ပထမပတ်တွင် ပြန်လည် သိမ်းပိုက်ခဲ့သည်။
ထို့နောက် ပြန်လည် ရရှိကြောင်း ဓာတ်ပုံရိုက်ရန် ပြင်ဆင်နေစဉ် အာရက္ခတပ်တော် AA က ပစ်ခတ်လိုက်သည့် လက်နက်ကြီး ထိမှန်ပြီး စစ်ကော်မရှင် တပ်သားများ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။ ထို့အပြင် AA ဘက်မှ ဆက်လက်တိုက်ခိုက်ခဲ့သည့်အတွက် ရေဒါစခန်းမှ စစ်ကော်မရှင်တပ်သားများမှာ ထွက်ပြေးခဲ့ကြရကြောင်းလည်း သိရသည်။
ထိုကဲ့သို့ အထိအခိုက်အကျအရှုံးများနေသည့်အတွက် စစ်ကော်မရှင်တပ် လေကြောင်းနှင့် ရေတပ်မှနေ၍ ပြည်သူလူထုအား ဦးတည်တိုက်ခိုက်နေသည်ဟုလည်း ဦးခိုင်သုခက ဆိုသည်။
“သူတို့ဘက်က လုပ်နေတာက သူတို့မှာ အကျအဆုံးများလာလို့ရှိရင် ကျေးရွာတွေကို လှမ်းပြီးတော့ ပစ်တယ်။ လေယာဉ်နဲ့ လာပြီးတော့ ဗုံးကြဲတယ်။ ပြည်သူလူထုထဲကို ပစ်မှတ်ထားပြီးတော့ လက်စားချေတဲ့အနေနဲ့ ပြန်ပစ်တာရှိပါတယ်။ အခုရက်ပိုင်းကတော့ ပြည်သူတွေကို ပစ်မှတ်ထားပြီးတော့ ဗုံးကြဲတာတွေ များလာတယ်” ဟု ဦးခိုင်သုခက ပြောသည်။
ကျောက်ဖြူတွင် စစ်ကော်မရှင်တပ်နှင့် AA တို့ တိုက်ပွဲကြောင့် ကျေးရွာ ၁၅ ရွာခန့်မှ ဒေသခံများမှာ စစ်ဘေးတိမ်ရှောင်နေကြရပြီး စားဝတ်နေရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေကြရကြောင်းလည်းသိရသည်။
#ကျောက်ဖြူ #တိုက်ပွဲပြင်းထန် #ThanLwinKhetNews
