![]()
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသအနီးတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ တပ်မ ၂၂ မှ တပ်သားနှစ်ဦး လက်နက်နှင့်အတူ KNU တပ်မဟာ ၆ အထူးတိုင်းစစ်ဒေသ ဗျူဟာ ၃၂ ထံ အလင်းဝင်လာသည်ဟု မြေပြင်သတင်းရင်းမြစ်ထံမှသိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၉ ရက်က အဆိုပါတပ်သားနှစ်ဦး အလင်းဝင်လာခဲ့ခြင်းဖြစ်သည်ဟု မြေပြင်ရဲဘော်တစ်ဦးက ဆိုသည်။
၎င်းက “ဒီနေ့တိုက်ပွဲဖြစ်တာတော့မရှိဘူး။ ဒါမယ့်အလင်းဝင်လာတဲ့ သူတော့ ရှိတယ်။ တစ်ယောက်က MA – 1 သေနတ်၊ နောက်တစ်ယောက်က MA – 3 သေနတ်ယူလာတယ်” ဟု ဆိုသည်။
စစ်ကောင်စီတပ်သည် ၎င်းလက်လွှတ်ထားရသော နယ်မြေများဖြစ်သည့် ဖလူး၊ မင်းလက်ပံတို့ကို ပြန်လည်ရရှိရေးအတွက် လေးကေ့ကော်မှတဆင့် မကြာခဏလက်နက်ကြီးပစ်ကူပေးမှုများအပြင် စစ်ကြောင်းထိုးလာသောကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ကြားတွင် မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။
လွန်ခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့ကလည်း လက်နက်ကြီးကျရောက်မှုကြောင့် ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
မြေပြင်ရဲဘော်တစ်ဦးက “ရသေ့ဂူမှာက တော်လှန်ရေးတပ်ဖွဲ့နဲ့ စကစတွေ တိုက်ပွဲဖြစ်တယ်။ သူတို့က မရှောင်ဘူး။ စကစလက်နက်ကြီးကျလို့ ရွာသားတစ်ယောက် ခြေထောက်ထိတယ်” ဟု ဆိုသည်။
ရသေ့ဂူနှင့် ဖလူးသည် ရွာနီးစပ်များဖြစ်ကြပြီး လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဘက်မှ ဖလူးစခန်းပြန်လည်ရရှိရေးအတွက် စစ်ကာမီကာဇေအသေခံဒရုန်းများ မကြာခဏ အသုံးပြုလေ့ရှိသည်။
ထိုသို့ တ်ိုက်ခိုက်နေမှုများကြားမှပင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက် တိုက်ပွဲဖြစ်ပွားမှုအတွင်းကလည်း စစ်တပ်၏ RPG ၊ ၄၀ မမ ကျည်၊ ၆၀ မမ ကျည်နှင့် ထောက်တိုင်များကို တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ သိမ်းဆည်းနိုင်ခဲ့သည်။
ထို့အပြင် အောက်တိုဘာလ ၆ ရက်ကလည်း တပ်မ ၂၂ လက်အောက်ခံ ပြည်သူ့စစ် သုံးဦး MA – 1 အမျိုးအစားသေနတ်နှင့်အတူ ဗျူဟာ ၃၂ ထံသို့ အလင်းဝင်လာခဲ့သေးသည်။
ပုံစာ – နိုဝင်ဘာ ၉ ရက်တွင် လက်နက်နှင့်အတူ အလင်းဝင်လာသော စစ်ကောင်စီတပ်သားများ (ဓာတ်ပုံ – Saw Kaw)
