![]()
ဖိုးသောကြာ
ကမ္ဘောဒီးယားနိုင်ငံ၊ ပွိုင်ပက်မြို့ကတဆင့် ဆင်းမ်ကဒ် တစ်ထောင်ခန့် သယ်၍ တရားမဝင် နယ်စပ်ဖြတ်ကျော်လာသော တရုတ်နိုင်ငံသား တစ်ဦးအပါအဝင် နိုင်ငံခြားသား သုံးဦးကို ထိုင်းနယ်ခြားစောင့်တပ်က နိုဝင်ဘာ ၉ ရက်၌ ဖမ်းဆီးခဲ့သည်ဟု ထိုင်းသတင်းများက ဖော်ပြသည်။
အဆိုပါ တရုတ်နိုင်ငံသားက ၎င်းသည် ကမ္ဘောဒီးယားရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းတစ်ခုတွင် အလုပ်လုပ်ခဲ့ပြီး ယင်းဆင်းမ်ကတ်များအားလုံးကို မြဝတီရှိ တရုတ်အလုပ်ရှင်တစ်ဦးထံ သွားရောက်ပေးပို့ရန် စီစဉ်ထားကြောင်း ထိုင်းအရာရှိများထံ ထွက်ဆိုခဲ့သည်။
အခြား နှစ်ဦးအနက် အမေရိကန်နိုင်ငံသားဖြစ်သူမှာ ပင်စင်ကိစ္စအတွက် ဘန်ကောက်ရှိ အမေရိကန်သံရုံးသို့ သွားရောက်ရန် ရည်ရွယ်ကြောင်း ထွက်ဆိုခဲ့ပြီး အိန္ဒိယနိုင်ငံသားကမူ ဘန်ကောက်တဆင့် အိန္ဒိယပြန်ရန် ပြင်ဆင်ထားကြောင်း ထွက်ဆိုခဲ့သည်။
ထိုင်းအာဏာပိုင်များကမူ ၎င်းတို့ သုံးဦးစလုံးကို အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သူများအဖြစ် သံသယရှိနေပြီး လက်ရှိတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုဖြင့် အမှုဖွင့်ထားသည်။
ဖမ်းဆီးရမိသည့် ဓာတ်ပုံများအရ ဆင်းမ်ကတ်များမှာ ဗီယက်နမ်၏ အကြီးဆုံး ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် Viettel ၏ အမှတ်တံဆိပ်များဖြစ်သည်။
Viettel ဆင်းမ်ကတ်များသည် အရှေ့တောင်အာရှ နှင့် အခြားနိုင်ငံများတွင်ပါ ဆက်သွယ်ရေးကွန်ရက်များရှိပြီး နယ်စပ်ဖြတ်ကျော်သယ်ယူရာတွင်လည်း ခြေရာခံရ ခက်ခဲစေနိုင်သောကြောင့် လိမ်လည်မှု (Scam) လုပ်ငန်းများတွင် အသုံးပြုကြခြင်းဖြစ်သည်။
စစ်ကောင်မရှင်တပ်နှင့် ကရင်နယ်ခြားစောင့်တပ် BGF တို့သည် မြဝတီရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများကို နှိမ်နင်းသည်ဟုဆိုကာ KK Park အတွင်းရှိ အဆောက်အအုံများဟု အောက်တိုဘာ ၂၃ မှစ၍ ဖောက်ခွဲဖျက်ဆီးပြခဲ့သော်လည်း မြဝတီတွင် အွန်လိုင်း ငွေလိမ်လုပ်ငန်းများစွာ ဆက်လက်လည်ပတ်နေဆဲဖြစ်သည်။
