တစ်ပတ်အတွင်း ရန်ကုန်တိုင်းအတွင်း မြို့နယ် ၆ ခုတွင် လူငယ် စုစုပေါင်း ၁၄ ဦးအထိ စစ်ကောင်စီ၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်ဟု Rangoon Scout Network မှ စက်တင်ဘာ ၂၉ ရက်က ထုတ်ပြန်ထားသည်။
စက်တင်ဘာ ၂၂ ရက်မှ ၂၈ ရက်အထိ တစ်ပတ်အတွင်း ဒေါပုံ၊ မြောက်ဥက္ကလာ၊ အင်းစိန်၊ တောင်ဥက္ကလာ၊ လှိုင်သာယာနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်များမှ လူငယ် ၁၄ ဦးအား စစ်ကောင်စီမှ ဖမ်းဆီးထားခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသူများထဲ တော်လှန်ရေးလှုပ်ရှားမှုတွင် ပါဝင်သည်ဟု အကြောင်းပြကာ သတင်းအတိအကျဖြင့် ရှာဖွေဖမ်းဆီးသူ ခုနှစ်ဦးပါဝင်ပြီး စစ်ဆေးခံရ၍ အဖမ်းခံရသူ တစ်ဦးနှင့် ရမ်းသမ်း ဖမ်းဆီးခံရသူ ခြောက်ဦးပါဝင်သည်ဟု သိရသည်။
“လူငယ်တွေကို ပုံစံမျိုးစုံနဲ့ လိုက်ဖမ်းနေတာ၊ အခုဆို စစ်မှုထမ်းအမှတ်စဉ် ၁၈ ရောက်လာပါပြီဗျ။ သင်တန်းစခါနီး ၁၀ ရက်လောက်အလို လူအသည်းအသန်လိုက်စုနေတဲ့အချိန်တွေဆို လိုက်ဆွဲတာတွေ ပိုဆိုးလာတတ်ပါတယ်။ စစ်မှုထမ်း စာရင်းအတိအကျနဲ့ အိမ်အထိ လိုက်ဖမ်းခေါ်တာတွေအပြင်ကို ညမှောင်ချိန်တွေ၊ လူပြတ်ချိန်တွေဆို လမ်းမပေါ် သွားလာနေတဲ့သူကို လိုက်ဆွဲပါတယ်” ဟု ရန်ကုန်မြို့တွင် တော်လှန်ရေးလှုပ်ရှားနေသည့် လူငယ်အမျိုးသား တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက် ည ၇ နာရီခန့်တွင် လှိုင်သာယာမြို့နယ်အတွင်းက ဘီယာဆိုင်တစ်ခုမှ ထွက်လာသည့် လူငယ် သုံးဦးအား အရပ်ဝတ် ဝတ်ဆင်ထားသူများမှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု HTY Scout Channel မှ ဖော်ပြထားသည်။
“လာစစ်ပြီး ခေါ်သွားမှာ ကြောက်ရတာ။ အပြင်သွားရင်တောင် စိတ်ချလက်ချမသွားရဲကြဘူး။ အရင်ကဆိုရင်တော့ ဘယ်နေရာမဆို စိတ်ချလက်ချသွားနိုင်တယ်လေ။ အခုက လက်ဖက်ရည်ဆိုင်တောင် ရဲရဲမထိုင်ရဲတော့တာ” ဟု စစ်မှုထမ်းစာရင်းပါသောကြောင့် လွတ်မြောက်နယ်မြေ တစ်နေရာတွင် ထွက်ပြေးတိမ်းရှောင်လာသူ အသက် ၂၅ နှစ်အရွယ် အမျိုးသား တစ်ဦးက ပြောသည်။
လက်ရှိ တစ်ပတ်အတွင်း တောင်ဥက္ကလာ၊ သန်လျင်၊ လှိုင်သာယာ၊ ပန်းဘဲတန်း၊ စမ်းချောင်း၊ သာကေတနှင့် ဗဟန်းမြို့နယ်တို့တွင် ဧည့်စာရင်းစစ်၍ လူရှာခြင်းများ လုပ်ဆောင်နေသည်ဟု Rangoon Scout Network ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဧည့်စာရင်း စစ်ရင်လည်း ဧည့်မတိုင်ထားတဲ့ထဲ လူငယ်ပိုင်းတွေကိုဆို ဖမ်းခေါ်သွားပြီး စစ်မှုထမ်းခိုင်းပါတယ်။ အကြောင်းတစ်ခုခုပြ လိမ်ခေါ်သွားပြီး စစ်တပ်ဆီ ပို့နေတာတွေလည်း ရှိပါတယ်။ ပြန်ရွေးထုတ်မယ်ဆို သိန်း ၅၀ လောက် အနည်းဆုံးတောင်းလေ့ရှိပါတယ်။ လူမှောင်ခိုဈေးကွက်တစ်ခု ဖြစ်နေပြီးတော့ စစ်သား၊ ရဲ၊ ပျူစောထီး၊ အုပ်ကြီးအဖွဲ့တွေအပြင်ကို လူရောင်းစားတဲ့ ဂိုဏ်းတွေကပါ လှုပ်ရှားနေကြပါတယ်ဗျ”ဟု ရန်ကုန်မြို့တွင် တော်လှန်ရေးလှုပ်ရှားနေသည့် လူငယ်အမျိုးသားကထပ်မံပြောသည်။
ထို့အပြင် တောင်ဒဂုံ၊ ဒေါပုံ၊ တာမွေနှင့် သာကေတမြို့နယ်တို့တွင် အီလက်ထရောနစ်စက်ဖြင့် မဲပေးခြင်းများကို ပြည်သူများအား စမ်းသပ်ပြသခဲ့သည်ဟု သိရသည်။
#ရန်ကုန် #လူငယ်၁၄ဦးဖမ်းဆီးခံရ #ThanLwinKhetNews