ဂါဇာကမ်းမြှောင်တွင် ရရှိခဲ့သော အရပ်သားများ၏ ထိခိုက်ဒဏ်ရာများသည် ပြင်းထန်သည့် တိုက်ခိုက်ရေးစစ်ဆင်ရေးများတွင် ပါဝင်သည့် ကျွမ်းကျင်စစ်သားများ ရရှိလေ့ရှိသော ပုံစံနှင့် အတိုင်းအတာမျိုး ရှိနေကြောင်း ဗြိတိသျှ ဆေးပညာဂျာနယ် (BMJ) တွင် ဖော်ပြခဲ့သည့် လေ့လာမှုတစ်ခုက တွေ့ရှိခဲ့သည်။
မစ်ရှီဂန်တက္ကသိုလ်မှ ဇီဝကျင့်ဝတ်ပညာရှင် ဒေါက်တာ ဘီလာလ် အီဖန်က “ဂါဇာမှာ ဒဏ်ရာရတဲ့ အရပ်သားတွေဟာ ကျွမ်းကျင်စစ်သားတွေနဲ့ ပြင်းထန်တဲ့ တိုက်ပွဲမှာ ရနိုင်တဲ့ ဒဏ်ရာပုံစံမျိုးကို တွေ့နေရပါတယ်။ ဒဏ်ရာတွေရဲ့ ပျံ့နှံ့မှုနဲ့ သဘာဝက အတူတူနီးပါး မဟုတ်ရင်တောင် ပိုပြီးတော့ ဆိုးရွားပါတယ်” ဟု ပြောသည်။
အရပ်ဘက်ဒေသမှ စစ်ဘက်အဆင့် ဒဏ်ရာများ
လေ့လာမှုအရ၊ မီးလောင်ဒဏ်ရာ သို့မဟုတ် ခြေထောက်ဒဏ်ရာများ ကဲ့သို့သော ဒဏ်ရာအမျိုးအစားအချို့သည် မကြာသေးမီက အီရတ်နှင့် အာဖဂန်နစ္စတန်ပဋိပက္ခများတွင် တိုက်ခိုက်ခဲ့သော အမေရိကန်စစ်သားများ ရရှိခဲ့သည့် ဒဏ်ရာများထက် ဂါဇာရှိ အရပ်သားများတွင် ပိုမိုအဖြစ်များနေသည်ကို တွေ့ရှိရသည်။
နိုင်ငံတကာ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူ ဒါဇင်များစွာက ၂၀၂၄ ခုနှစ် သြဂုတ်လမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပေးပို့ခဲ့သော အချက်အလက်များကို အခြေခံထားသည့် ဤသုတေသနသည် အရပ်သားများအပေါ် ခွဲခြားမှုမရှိသော လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုနှင့် အင်အားပြင်း ပေါက်ကွဲစေတတ်သော လက်နက်များဖြင့် ပစ်ခတ်မှုများ၏ သက်ရောက်မှုကို ထင်ဟပ်စေသည်ဟု ဆိုသည်။
ဒဏ်ရာ ၂၄,၀၀၀ နီးပါးအနက် သုံးပုံနှစ်ပုံခန့်မှာ ပေါက်ကွဲမှုများကြောင့်ဖြစ်ပြီး ၁၈% မှာ မီးလောင်ဒဏ်ရာများ ဖြစ်သည်။ အထူးသဖြင့် ကလေးများတွင် မီးလောင်ဒဏ်ရာများ အဖြစ်များပြီး ဒဏ်ရာများ၏ ဆယ်ပုံတစ်ပုံကျော်မှာ စတုတ္ထအဆင့် (Fourth-degree) မီးလောင်ဒဏ်ရာများ (အရိုးအထိ ထိုးဖောက်ဝင်ရောက်သော ဒဏ်ရာ) ဖြစ်သည်ကို တွေ့ရှိရသည်။ ဒဏ်ရာများ၏ ၃၀% ခန့်မှာ သေနတ်ဒဏ်ရာများဖြစ်ပြီး ယင်းပုံစံမှာ ဆီးရီးယားပြည်တွင်းစစ် ကာလအတွင်း အရပ်သားများ မကြာခဏ ပစ်မှတ်ထားခံရသည့် ပုံစံများနှင့် ဆင်တူနေသည်။
ဒေါက်တာ အီဖန်က ၎င်းတို့၏ အချက်အလက်များသည် ဆေးရုံသို့ ရောက်ရှိပြီး အသက်ရှင်ကျန်ရစ်သူများ၏ ဒဏ်ရာများကိုသာ အဓိကထားကြောင်း၊ ဆေးကုသမှုမရရှိမီ သေဆုံးသွားသူများ၏ ဒဏ်ရာပြင်းထန်မှု အပြည့်အစုံကို မသိရှိရသေးကြောင်း ဖြည့်စွက်ပြောသည်။
အစ္စရေးအပေါ် ဖိအားနှင့် စစ်ပွဲဆိုင်ရာ စိုးရိမ်မှုများ
ယခုတွေ့ရှိချက်အသစ်များသည် ဂါဇာစစ်ပွဲကို စီမံခန့်ခွဲပုံနှင့် ပတ်သက်၍ နိုင်ငံတကာ ဖိအားများကို ရင်ဆိုင်နေရသော အစ္စရေးအပေါ် ဖိအားများ ပိုမိုတိုးလာစေမည် ဖြစ်သည်။
လန်ဒန်မှ ပလပ်စတစ်ခွဲစိတ်ဆရာဝန်ဖြစ်သူ ဒေါက်တာ ဗစ်တိုးရီးယား ရို့စ်က ဤတွေ့ရှိချက်များသည် “ကမ္ဘာတစ်ဝန်းရှိ အစိုးရအဖွဲ့များနှင့် လူသားချင်းစာနာထောက်ထားမှု အသိုက်အဝန်းကြား အချက်ပေးခေါင်းလောင်းများ မြည်စေသင့်သည်” ဟု သတိပေးပြောဆိုသည်။
အစ္စရေးစစ်ဘက်အရာရှိများက ၎င်းတို့သည် နိုင်ငံတကာဥပဒေကို လိုက်နာဆောင်ရွက်နေသော်လည်း “အရပ်သားများကို ကာကွယ်ခြင်းနှင့် လျင်မြန်စွာ ရွေ့လျားနေသော စစ်ရေးလိုအပ်ချက်” အကြား တင်းမာမှုများရှိနေသည်ကို ဝန်ခံခဲ့သည်။
စစ်ပွဲစတင်ချိန် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၅ ခုနှစ် မေလအထိ အရပ်သားသေဆုံးမှုနှုန်းမှာ ၈၃% ရှိကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ၏ ပြည်တွင်းအချက်အလက်များကပင် ဖော်ပြထားသည်ဟု လွန်ခဲ့သည့်လက Guardian သတင်းစာက ထုတ်ဖော်ခဲ့သည်။
ထို့အပြင် ဂါဇာသို့ ထောက်ပံ့ရေးပစ္စည်းများ ဝင်ရောက်မှုအပေါ် အစ္စရေးက တင်းကျပ်စွာ ကန့်သတ်ထားခြင်းကြောင့် အာဟာရချို့တဲ့မှု မြင့်တက်လာပြီး ၎င်းသည် ဒဏ်ရာများ အနာကျက်နှုန်း နှေးကွေးစေခြင်းနှင့် ကုသနိုင်သည့် အခြေအနေများမှပင် မလိုအပ်ဘဲ သေဆုံးမှုများ ဖြစ်ပေါ်စေခြင်းတို့ကို ဖြစ်စေကြောင်း လေ့လာမှုက ထောက်ပြခဲ့သည်။
Ref: The Guardian