ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် မြန်မာနိုင်ငံသားများအား မြန်မာသံရုံးမှ ထုတ်ပေးထားသည့် CI စာအုပ်မှ PJ စာအုပ်ပြောင်းထားသည့် စာအုပ်အသစ်များမှာ ယနေ့မှ စ၍ Passport For Thailand Only တုံးထုခြင်းအား မြန်မာရွှေ့ပြောင်းလုပ်သားများ အများဆုံး အလုပ်လုပ်ကိုင်သည့် မြို့ဖြစ်သည့် မဟာချိုင်တွင် စတင်လုပ်ဆောင်နေသည်ဟု အလုပ်သမားအရေးလုပ်ဆောင်သူများက ဆိုသည်။
“ဒီရက်ပိုင်းအတွင်းမှာ မဟာချိုင်တို့ဘက်က သွားလုပ်တဲ့ နိုင်ငံကူးလက်မှတ်အသစ်လဲတဲ့ အုပ်စုတွေကို Thailand Only ဆိုပြီး ထုတ်တယ်ဗျ” ဟု အလုပ်သမားအရေး လုပ်ဆောင်နေသူ ကိုဇော်မင်းဦးက အတည်ပြုသည်။
ယခင်က မြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတိုင်း ပြည်ပထွက်ခွာခွင့်ရသော်လည်း ယခုရက်ပိုင်းမှ စတင်၍ စာအုပ်အသစ်လဲသူများအား Passport For Thailand Only အဖြစ် ကန့်သတ်လိုက်ခြင်း ဖြစ်သည်။
“ထိုင်းမှာ ရှိနေတဲ့ မြန်မာတွေကို နည်းမျိုးစုံနဲ့ နှိပ်ကွပ်လာတယ်လို့ မြင်တယ်။ သူတို့ Target အုပ်စုက နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပြည်ပကို ထွက်လာတဲ့သူတွေကို ကန့်သတ်ဖို့ လုပ်ရာကတော့ ရွှေ့ပြောင်းအလုပ်သမားတွေ ပါဝင်သွားတဲ့ သဘောမျိုး ရှိတယ်ဗျ” ဟု ၎င်းက ပြောသည်။
ယခင်က CI မှ PJ စာအုပ် အဖြစ်ပြောင်းထားသည့် စာအုပ်အဟောင်းများမှာ ပြည်ပနိုင်ငံများသို့ ဆက်လက်ထွက်ခွာနိုင်သည်ဟု သိရသည်။ လက်ရှိတွင် CI စာအုပ်မှ PJ စာအုပ်အသစ်ပြောင်းထားသူများသည် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံမှ လွဲ၍ ကျန်နိုင်ငံများအား သွားလာခွင့်ကန့်သတ်ခံရခြင်း ဖြစ်သည်။
“စာအုပ်အနီတော့ ထွက်လာမယ်။ သူက ထိုင်း-မြန်မာ နှစ်နိုင်ငံပဲ သုံးလို့ ရမယ်။ ပြီးတော့ နောက်ပိုင်းမှာ CI ကို ဖျက်သိမ်းဖို့ သတင်းတွေလည်း ထွက်ထားတာဆိုတော့ ဒီလက်ရှိက CI ကနေ PJ လဲမယ်ဆိုရင် လဲလို့တော့ ရတယ်။ စာအုပ်အနီက ထိုင်း-မြန်မာနှစ်နိုင်ငံပဲ သုံးလို့ရမယ်” ဟု မဟာချိုင်တွင် အလုပ်သမားအထောက်အထားများ လုပ်ကိုင်ပေးနေသည့် ဝန်ဆောင်မှု ကုမ္ပဏီတစ်ခု၏ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ဆိုသည်။
ထိုကြောင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာလိုပါက CI မှ PJ စာအုပ် ပြောင်းသည့်သူများအနေဖြင့် လက်ဗွေ တစ်ကြိမ်တည်းသာ နှိပ်ထားပါက မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာကာ ပတ်စပို့ စာအုပ်အသစ် လျှောက်ထားသင့်သည်ဟု ၎င်းက အကြံပြုသည်။
“ဒုတိယ အကြိမ် လက်ဗွေ နှိပ်ပြီးသွားတဲ့သူတွေဆိုရင် မသေချာတော့ဘူး။ ဒုတိယ အကြိမ် လက်ဗွေနှိပ်ပြီးရင် စာအုပ်အနီက ထွက်လာပြီဆိုတော့ မြန်မာနိုင်ငံမှာ စာအုပ်အသစ်လုပ်လို့လည်း မရတော့ဘူး”ဟု ၎င်းက လက်ရှိ အခြေအနေအား ရှင်းပြသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံသို့ တိမ်းရှောင်လာသည့် မြန်မာနိုင်ငံသားများသည် အလုပ်လုပ်ကိုင်ခွင့် work permit နှင့် ပန်းရောင်ကတ် ပြုလုပ်ပြီး နိုင်ငံကူးလက်မှတ် (သို့) မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံစာအုပ် CI ပြုကာ နှစ်ရှည် အလုပ်လုပ်ကိုင် နေထိုင်ကြသည်။
လက်ရှိ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၇ သန်းခန့် တရားဝင်အထောက်အထားများဖြင့် နေထိုင်လျက်ရှိသည်ဟု အလုပ်သမားအရေး လှုပ်ရှားသည့် အဖွဲ့များထံမှ သိရသည်။