မြန်မာနိုင်ငံသည် လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေလိုအပ်ချက် ပြည့်မီမှု အနည်းဆုံးသော နိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်ပြီး ၂၀၂၅ ခုနှစ် လူသားချင်းစာနာမှု အကူအညီများပေးရန် လိုအပ်သည့် ရန်ပုံငွေ၏ ၁၂ ရာခိုင်နှုန်းခန့်သာ ရရှိထားသည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA မှ စက်တင်ဘာ ၂၄ တွင် ထုတ်ပြန်လိုက်သည်။
ယခုနှစ် နှစ်ဝက်အတွင်း မြန်မာနိုင်ငံသား ၃ ဒဿမ ၅ သန်းကို လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် အကူအညီများ ပေးနိုင်ခဲ့သော်လည်း လက်ရှိတွင် လိုအပ်ချက် မြင့်မားလာသောကြောင့် ရန်ပုံငွေ မလုံလောက်ခြင်းများ ကြုံနေရသည်ဟု UNOCHA မှ ထုတ်ဖော်ပြောကြားသည်။
လက်ရှိတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကြား တိုက်ပွဲများသည် မြန်မာနိုင်ငံအနှံ့တွင် နေ့စဉ် ဖြစ်ပွားလျက်ရှိသည်။ တိုက်ပွဲကြောင့် အရပ်သားသေဆုံးမှုများ နေ့စဉ်ရှိနေပြီး ကူညီစောင့်ရှောက်ရေး လုပ်ငန်းစဉ်များလည်း ထိခိုက်လျက်ရှိသည်ဟု သိရသည်။
ထို့အပြင် ကလေးများ ပညာသင်ကြားနေသည့် စာသင်ကျောင်းများ ပျက်စီးဆုံးရှုံးခဲ့ရပြီး ပညာသင်ကြားနေသည့် ကလေးငယ်များ အသက်သေဆုံးခဲ့ကြရသည်။ ထိုကြောင့် အရွယ်မရောက်သေးသည့် ကျောင်းနေအရွယ် ကလေးများ ပညာသင်ကြားနေသည့် အဆောက်အအုံများအား တိုက်ခိုက်ခြင်းမှ ကာကွယ်စောင့်ရှောက်ပေးရန် အရေးတကြီး လိုအပ်နေသည်ဟုလည်း ထောက်ပြထားသည်။
၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းက ကောက်ယူထားသည့် စာရင်းများအရ မြန်မာနိုင်ငံတွင် ပဋိပက္ခကြောင့် နေရပ်ထွက်ခွာ ထွက်ပြေးတိမ်းရှောင်သူ ၃ ဒဿမ ၆ သန်းနီးပါးခန့်ရှိပြီး လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသူ ဦးရေ ပိုမို တိုးလာကာ လူသားချင်းစာနာမှု အကူအညီများပေးရန် ပိုမို ခက်ခဲလာသည်ဟု ဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်း ဒေသများသို့ လူသားချင်းစာနာမှု အကူအညီများအား ဖြန့်ဖြူးပေးရန် ကန့်သတ်မှုများရှိနေပြီး ဒေသတွင်း နေထိုင်သူများအနေဖြင့် ဘေးကင်းလုံခြုံစွာ သွားလာခွင့် ဆုံးရှုံးနေရသည်ဟု သုံးသပ်ထားသည်။
UNOCHA အနေဖြင့်လည်း အဆိုပါ ဒေသများသို့ လူသားချင်းစာနာမှု အကူအညီများ ဖြန့်ဖြူးပေးရန် ကန့်သတ်ချက်များ ရှိနေသည်ဟု ဆိုသည်။
#လူသားချင်းစာနာမှု #အကူအညီလိုအပ်ချက်၏၁၂ရာခိုင်နှုန်း #ThanLwinKhetNews