ခင်သရဖီဦး
မောင်တောမြောက်ပိုင်းတွင် အာရက္ခတပ်တော် AA နှင့် ARSA – အာဆာအဖွဲ့တို့ကြား တိုက်ပွဲများဆက်လက် ဖြစ်ပွားလျက်ရှိသည်ဟု AA နှင့် နီးစပ်သူများထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်မှစတင်ပြီး မောင်တောမြောက်ပိုင်းရှိ ဝေလာတောင်တန်းဘက်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု AA နှင့် နီးစပ်သည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
”ဒီဘက်မှာက အာဆာတွေကို လိုက်လံရှာဖွေ နေတာရှိပါတယ်။ တိုက်ပွဲကတော့ ဒီနေ့လည်း ရှိနေပါတယ်” ဟု ၎င်းက ပြောသည်။
AA နှင့် ARSA အဖွဲ့တို့မှာ တောင်ပြိုရွာ၊ မီးတိုက်ရွာနှင့် ဝေလာတောင်ဘက်ထိ ပစ်ခတ်မူများရှိနေပြီး အဆိုပါ ကျေးရွာများ တဝိုက်တွင် ARSA အဖွဲ့ အခြေချလှုပ်ရှားသည်ဟု ၎င်းက ဆိုသည်။
”အဲဒီရွာဘက်တွေနားမှာ အာဆာတွေက ကျေးရွာသားတွေကို မကြာခဏ သတ်တာတွေ၊ ဖမ်းဆီးတာတွေ ရှိနေတယ်။ သူတို့က တောင်ပြိုဘက်တွေမှာ အဓိက လှုပ်ရှားမူရှိတာတွေလည်း ရှိတယ်” ဟု ၎င်းက ဆိုသည်။
ထိုကြောင့် မောင်တောမြောက်ပိုင်းတွင် နေထိုင်သည့် ဒေသခံများအနေဖြင့် အာဆာအဖွဲ့၏ တိုက်ခိုက်ခြင်းများ မခံရစေရန် ခရီးသွားလာပါက တစ်ဦးတည်း မသွားဘဲ AA မှ တာဝန်ရှိသူများအား အသိပေးသွားကြရန်လည်း ထုတ်ပြန်ထားသည်။
လက်ရှိတွင် AA အနေဖြင့် မောင်တောနယ်စပ်တွင် လုံခြုံရေးများကို တိုးမြှင့်ထားပြီ လူအင်းအားထပ်မံဖြည့်တင်းကာ တိုက်ခိုက်မှုများ ရှိနေသည်ဟု စုံစမ်းသိရသည်။
မောင်တောနယ်စပ်တွင် စက်တင်ဘာလ ပထမပတ်မှ လက်ရှိအချိန်ထိ ARSA ၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူ သုံးဦး ရှိနေပြီး ပျောက်ဆုံးနေသူ လေးဦးအထိ ရှိသည်ဟု ရခိုင်သတင်းဌာနများတွင် ဖော်ပြထားသည်။
#မောင်တောမြောက်ပိုင်း #AA #ARSA #တိုက်ပွဲဖြစ်ပွား #ThanLwinKhetNews