ဖိုးသောကြာ
Chrome အသုံးပြုသူအားလုံး၏ ကွန်ပျူတာများကို ဟက်ကာများက ထိန်းချုပ်သွားနိုင်လောက်သည့် လုံခြုံရေးချို့ယွင်းမှုအား တွေ့ရှိခဲ့ပြီးနောက် သုံးစွဲသူများအနေဖြင့် ဘရောက်ဇာများ ချက်ချင်း အပ်ဒိတ်လုပ်ကာ လုံခြုံရေးအဆင့်မြှင့်တင်ကြရန် Google က ညွှန်ကြားထားသည်။
အဆိုပါ လုံခြုံရေးချို့ယွင်းချက်ကို စက်တင်ဘာ ၁၆ ရက်တွင် Google ၏ Threat Analysis Group မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပြီး အရေးကြီးမှုအဆင့်အတန်း ၁၀ တွင် ၉.၈ အထိ သတ်မှတ်ထားသည်။
Chrome ကို အပ်ဒိတ်လုပ်ရန်အတွက် ဘရောက်ဇာ၏ ညာဘက်အပေါ်ထောင့်ရှိ အစက်သုံးစက် (three-dot) မီနူးကို နှိပ်ပြီး “Help” ကို ရွေးကာ “About Google Chrome” ကို ဝင်ရောက်လိုက်ပါက Chrome အသစ်ကို အလိုအလျောက် ဒေါင်းလုဒ်လုပ်ပေးမည်ဖြစ်သည်။ ဒေါင်းလုဒ်လုပ်ပြီးနောက်တွင် သုံးစွဲသူများအနေဖြင့် မိမိတို့၏ ကွန်ပျူတာကို ပြန်လည် စတင် (Restart) ရန် လိုအပ်သည်။ ထို့အပြင် chrome://settings/help ကိုလည်း တိုက်ရိုက်သွားရောက်၍ လုံခြုံရေးအဆင့်မြှင့်တင်နိုင်သည်။
ယခုအချိန်အထိ အဆိုပါ လုံခြုံရေးချို့ယွင်းချက်မှ တဆင့် ဟက်ကာများ၏ အချက်အလက်ထိန်းချုပ်ရယူမှုများ အောင်မြင်ခဲ့ခြင်း မရှိသေးပေ။ Chromium ကို အခြေခံသည့် Microsoft Edge, Brave, Opera နှင့် Vivaldi တို့ကဲ့သို့ အခြား ဘရောက်ဇာများလည်း အလားတူအန္တရာယ်ရှိလာနိုင်သည်ဟု ကုမ္ပဏီက သတိပေးထားသည်။
Chrome သည် ကမ္ဘာတွင် ဈေးကွက်ဝေစု ၇၀ ရာခိုင်နှုန်းနီးပါးရှိနေပြီး မြန်မာပြည်တွင်းတွင်လည်း ဈေးကွက်ဝေစု ၈၇ ရာခိုင်နှုန်းရှိသည့် လူကြိုက်များ ဘရောက်ဇာတစ်ခု ဖြစ်ကြောင်း StatCounter ၏ အချက်အလက်များအရ သိရသည်။
ယခု အားနည်းချက်ကို ဟက်ကာများက အသုံးချမည်ဆိုပါက အသုံးပြုသူ၏ စက်ထဲတွင် အန္တရာယ်ရှိသည့် ကုဒ်များကို တိုက်ရိုက်လည်ပတ်နိုင်ပြီး အချက်အလက်များ ခိုးယူခံရခြင်း၊ Malware များ ထည့်သွင်းခံရခြင်း သို့မဟုတ် ကွန်ပျူတာစနစ်တစ်ခုလုံး အလွယ်တကူ ထိန်းချုပ်ခံရခြင်းများ ဖြစ်လာနိုင်ပြီး အပ်ဒိတ်လုပ်၍ လုံခြုံရေးအဆင့်မြှင့်တင်ခြင်းမှာ အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း Google က အသိပေးထားသည်။
Ref: Bangkokpost
#chrome #Google #လုံခြုံရေးအန္တရာယ်ရှိ #ThanLwinKhetNews