ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်နှင့်သောင်ရင်းမြစ်သာခြားသော မြန်မာနိုင်ငံ၊ လေးကေ့ကော်ဘက်ခြမ်းတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိပြီးလက်နက်ကြီးကျည်တစ်လုံး ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း နယ်စပ်သတင်းရင်းမြစ်များထံမှ သိရသည်။
အဆိုပါ မော်တာကျည်မှာ ယနေ့ စက်တင်ဘာလ ၂၄ ရက်တွင် မဲဆောက်မြို့၊ မယ်တောင်ရပ်ကွက်အနီးရှိ သစ်တောဧရိယာအတွင်းသို့ ကျရောက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုနှင့် အဆောက်အအုံ ပျက်စီးမှုများ မရှိခဲ့ဟု ထိုင်းအာဏာပိုင်များက အတည်ပြုသည်။
အဆိုပါ ဖြစ်စဉ်များကြောင့် ထိုင်းအာဏာပိုင်များအနေဖြင့် နယ်စပ်တစ်လျှောက်ရှိ ပြည်သူများအား အခြေအနေကို သတိပြုစောင့်ကြည့်ရန်နှင့် သတိဝီရိယဖြင့် နေထိုင်သွားလာကြရန် အသိပေးချက် ထုတ်ပြန်ထားပြီး နယ်စပ်တစ်လျှောက် လုံခြုံရေးကိုလည်း တိုးမြှင့်ချထားကြောင်း သိရသည်။
ဓါတ်ပုံ – รอบทิศ News

