ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည်ဖြစ်သော စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ(သထုံ)ခရိုင်၊ တပ်မဟာ ၁အနေဖြင့် တိုက်ဖျက်ချေမှုန်းသွားမည်ဟု စက်တင်ဘာ ၂၀ ရက်စွဲဖြင့် သဘောထားထုတ်ပြန်ခဲ့သည်။
ဒူးသထူခရိုင်အနေဖြင့် ကရင်အမျိုးသားအစည်းအရုံး(ဗဟို)၏ ဦးဆောင်လမ်းညွှန်မှုကို ခံယူပြီးနောက် ဩဂုတ်လ ၂၆ ရက်တွင် ထုတ်ပြန်သော ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ ထုတ်ပြန်ကြေညာချက်အတိုင်းရပ်တည်သွားမည်ဟု ထည့်သွင်းဖော်ပြထားသည်။
ဗဟိုကော်မတီ၏ ထုတ်ပြန်ချက်တွင် စစ်ကော်မရှင်ပြုလုပ်သော ရွေးကောက်ပွဲသည် ဥပဒေကြောင်းအရ တရားမဝင်ခြင်းနှင့် ပြည်သူအားလုံးပါဝင်နိုင်သော အခြေအနေမရှိခြင်း၊ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေခြင်း၊ စစ်တပ်ကို အကျိုးပြုမည့် လူနှင့်ပါတီရွေးချယ်ပွဲဖြစ်သည့်အပြင် အတုအယောင်ရွေးကောက်ပွဲတွင် ပါဝင်ပါက “အဆိပ်ပင်ရေလောင်းသည့် သမိုင်းတတရားခံ”ဖြစ်သွားနိုင်သည့်အတွက် ဆန့်ကျင်ကြောင်း ဖော်ပြထားသည်။
တပ်မဟာ ၁ ၏ ထုတ်ပြန်ချက်တွင် စစ်ကော်မရှင်ပြုလုပ်သော အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်သော သက်ဆိုင်သူများ၏ စုပေါင်းခေါင်းဆောင်မှုဖြင့် တစ်ခုတည်းသော အင်အားစုကို ဖွဲ့စည်းတည်ထောင်ပြီး စစ်ကော်မရှင်ရွေးကောက်ပွဲအား တိုက်ဖျက်ချေမှုန်းသွားရန်ဟု ရေးသားထားသည်။
ဓါတ်ပုံ-KNU