ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ပုံပါကျင်မြို့နယ်ခွဲအနီးတွင် မူးယစ်ဆေးဝါး ဆေးပြားသန်းချီသယ်ဆောင်လာသော မော်တော်ယာဉ်တစ်စီးကို ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ဖမ်းဆီးရမိခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးက သတင်းထုတ်ပြန်ထားသည်။
အဆိုပါမော်တော်ယာဉ်ပေါ်အား ကြားဖြတ်ဖမ်းဆီးရာတွင် ယာဘစိတ်ကြွဆေးပြား(WY) အလုံးရေ ၄.၇ သန်းကျော်သယ်ဆောင်လာသည့် မူးယစ်ကုန်ကူးသူတစ်ဦးကို ဒဏ်ရာဖြင့် ဖမ်းမိခဲ့ကြောင်း UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက ရေးသားထားသည်။
ယမန်နေ့ စက်တင်ဘာလ ၂၀ ရက်၊ ညနေ ၆ နာရီခွဲအချိန်တွင် UWSA တပ်မဟာ ၇၇၅ ထံသို့ ပုံပါကျင်မြို့နယ်ခွဲ၊ ဒါကွမ်းကျေးရွာတွင် မသင်္ကာဖွယ်လူများတင်ဆောင်လာသည့် TIGER ယာဉ်တစ်စီး ဖြတ်သန်းသွားကြောင်း သတင်းပေးပို့ချက်ရရှိခဲ့သည်။
UWSA တပ်ဖွဲ့ဝင်များက အဆိုပါယာဉ်ကို လိုက်လံရှာဖွေခဲ့သော်လည်း နန်ဖိုင်ကျေးရွာအနီးတွင် ယာဉ်မှာ မျက်ခြေပြတ် ပျောက်ဆုံးသွားခဲ့သည်။ သတင်းပေးပို့ထားသည့် ယာဉ်လိုင်စင်နံပါတ် (1L-1678) ကို အခြေခံ၍ သံသယရှိသည့် လမ်းကြောင်းများအား ပိတ်ဆို့စစ်ဆေးရန် လုံခြုံရေးတပ်ဖွဲ့များ ချက်ချင်း ဖြန့်ကြက်ခဲ့သည်ဟု ဖော်ပြထားသည်။။
ယင်းနောက် ည ၈ နာရီခွဲအချိန်တွင် ဘန်ကဲနှင့် လွယ်ရှီးထန်ကြားရှိ နယ်စပ်လမ်းကြောင်းပေါ်၌ အဆိုပါယာဉ်ကို UWSA တပ်ဖွဲ့ဝင်များက ပြန်လည်တွေ့ရှိပြီး ရပ်တန့်စစ်ဆေးရန် အချက်ပြခဲ့သည်။ သို့သော် ယာဉ်ပေါ်ပါသူများက အချက်ပြမှုကို လစ်လျူရှုကာ နယ်စပ်ဘက်သို့ ဆက်လက်မောင်းနှင် ထွက်ပြေးခဲ့သောကြောင့် လိုက်လံဖမ်းဆီးခဲ့ရသည်။
လိုက်လံဖမ်းဆီးမှုအတွင်း မူးယစ်ကုန်ကူးသူတစ်ဦးဖြစ်သည့် အသက် ၃၇ နှစ်အရွယ် လီဆူအမျိုးသားတစ်ဦးကို ဒဏ်ရာဖြင့် ဖမ်းဆီးရမိခဲ့သည်။ ၎င်းသည် မြန်မာအစိုးရထိန်းချုပ်နယ်မြေဖြစ်သော နားကောင်းမှူးဒေသတွင် နေထိုင်သူဖြစ်ကြောင်း UWSA ၏ စစ်ဆေးချက်အရ သိရသည်။
ယာဉ်ပေါ်တွင် စိတ်ကြွဆေးပြားများပါသည့် အိတ်ပေါင်း ၂၃ အိတ်၊ စုစုပေါင်း ဆေးပြားအရေအတွက် ၄,၇၉၀,၀၀၀ (လေးသန်းခုနစ်သိန်းကိုးသောင်း) ပြားနှင့် TIGER မော်တော်ယာဉ်တစ်စီးကို သိမ်းဆည်းရမိခဲ့သည်။
ထွက်ပြေးလွတ်မြောက်သွားသော ကျန်မူးယစ်ကုန်ကူးသူများကို UWSA က ဆက်လက်ရှာဖွေလျက်ရှိသည်ဟု ဖော်ပြထားသည်။
ဓါတ်ပုံ – ဦးညီရမ်းFacebook


