![]()
ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် ၄ ရပ်ကွက်၊ အေးသာယာ ၄ လမ်းတွင် ယမန်နေ့ညက မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ည ၈ နာရီခန့်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မိနစ် နှစ်ဆယ်အကြာတွင် မြဝတီခရိုင် မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
၎င်းက “ကျွန်တော့်ကို အသိက လာခေါ်တာ။ မီးလောင်လို့ ဆိုတော့ ကျွန်တော်တို့လည်း သွားကြည့်တာပေါ့။ ကျွန်တော်တို့ရောက်တော့ မီးလောင်နေပြီလေ။ မနေ့က သူတို့ အိမ်ရှင် မရှိတော့ ထိခိုက်မှုကလည်း မရှိဘူး။ အဲဒီအချိန် တွေ့တဲ့ လူတွေက မီးဝိုင်းငြှိမ်းထားတာပေါ့။ ပြီးမှ မီးသတ်က လာတော့ မီးငြှိမ်းသတ်ပေးတာ” ဟု ဆိုသည်။
အဆိုပါ မီးလောင်မှုမှာ ထိခိုက်မှုမရှိကြောင်း၊ ထိုမီးလောင်သည့်နေအိမ်အနည်းငယ်သာ ပျက်စီးကြောင်း နောက်ဆုံးသတင်းရရှိထားသည်။
မြဝတီမြို့သည် ထိုင်းနယ်စပ်မြို့ဖြစ်သောကြောင့် ကုန်သွယ်ရေးမြို့ဖြစ်သည့်အလျောက် လောင်စာဆီများကိုလည်း ရောင်းဝယ်သူ များပြားကာ မီးအန္တရာယ်ကို သတိထားရမည်ဟု ဒေသခံတစ်ဦးက ပြောသည်။
၎င်းက “တကယ်ပြောရရင် မြဝတီမြို့မှာက လောင်စာဆီ ရောင်းတာ များတယ်။ အခုကလည်း မိုးကုန်ခါနီးပြီ။ ပွင့်လင်းရာသီ ရောက်ပြီပေါ့ဗျာ။ ဆောင်းလေက သိတဲ့အတိုင်းပဲ တအားကြမ်းတာရယ်၊ နောက်တစ်ခုက လူနေအိမ် စိပ်တာရယ်ပေါ့နော်။ မီးအန္တရာယ်ကိုတော့ သတိထားရတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက် နံနက် ၈ နာရီခန့်ကလည်း ရွှေမြင်းဝန်ဘုရားကြီး တောင်ဘက်မုဒ်အနီးတွင် မီးလောင်မှု ဖြစ်ပွားခဲ့သေးသည်။
#မြဝတီ #မီးလောင်မှု #ThanLwinKhetNews
