စစ်တပ်အာဏာစတင်သိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁ ရက်အထိ စစ်ကောင်စီ သတ်ဖြတ်မှုကြောင့် ပြည်သူ ၇၁၀၀ ကျော်အထိ သေဆုံးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP မှ ထုတ်ပြန်ထားသည်။
အာဏာရှင်ဆန်ကျင့်ရေးလှုပ်ရှားမှုများနှင့် ဒီမိုကရေစီအရေးလှုပ်ရှားမှုများအပြင် အပြစ်မဲ့ပြည်သူများအား စစ်ကောင်စီမှ အကြောင်းမဲ့ တိုက်ခိုက်ခြင်းကြောင့် လေးနှစ်ကျော်ကာလအတွင်း စုစုပေါင်း ၇၁၆၉ ဦး သေဆုံးခဲ့ရသည်။
သေဆုံးခဲ့သူများထဲတွင် အမျိုးသမီး ၁၈၀၀ နီးပါးနှင့် အရွယ်မရောက်သေးသူ ကလေးငယ် ၉၀၀ နီးပါးခန့် ပါဝင်သည်ဟု AAPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက်ကလည်း စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကျီကျင်းကျေးရွာအား စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်က ရွာသား ၁၀ ဦးနီးပါးခန့်ကို သတ်ဖြတ်ခဲ့ပြီး နေအိမ်များအား မီးရှို့ ဖျက်ဆီးခဲ့သည်။
ထို့အပြင် ဩဂုတ်လ ၂၅ ရက်ကလည်း တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်က ကျေးရွာများသို့ စစ်ကြောင်းထိုး ဝင်လာသည့် စစ်ကောင်စီတပ်က စော်ဖျားကျေးရွာနှင့် မိုးရွှေကုန်းကျေးရွာက နေအိမ် ၁၀၀ ဝန်းကျင်ခန့်အား မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ နှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့သည်ဟု သိရသည်။
ထို့အပြင် အာဏာသိမ်းထားသည့် အချိန်မှ စက်တင်ဘာ ၁ ရက်အထိ မတရား ဖမ်းဆီးခံထားရသူ ၂၉၀၀၀ ကျော်ရှိနေပြီး ထောင်ဒဏ် ချမှတ်ခံထားရသူ ၁၁၀၀၀ ကျော် ရှိသည်ဟု AAPP စာရင်းများတွင် ဖော်ပြထားသည်။
မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၉၆၁၃ ဦးရှိပြီး ထိုအထဲမှ ၂၂၃၅၂ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထန်းသိမ်းခံနေရသူများအနက်မှ ၁၁၀၂၇ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်ဟု သိရသည်။
ထိုသို့ ဖမ်းဆီးခံထားရသူများထဲတွင် အမျိုးသမီး ၆၁၀၀ ကျော်ပါဝင်ပြီး အရွယ်မရောက်သေးသူ ကလေးငယ် ၆၀၀ ကျော်ပါဝင်သည်။
ထို့အပြင် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၇၀ ကျော်အထိ ရှိနေသည်ဟုလည်း AAPP စာရင်းများတွင် ဖော်ပြထားသည်။
#စစ်ကောင်စီသတ်ဖြတ်မှု #ငါးနှစ် #ပြည်သူ၇၁၀၀ ကျော်သေဆုံး #ThanLwinKhetNews