၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် နိုင်ငံကို ပရမ်းပတာဖြစ်စေခဲ့ပြီး လေးနှစ်အကြာတွင် ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်က ကြားဖြတ်အစိုးရတစ်ရပ်ကို အာဏာလွှဲပြောင်းပေးခဲ့ရာ ထိုအစိုးရကို သူကိုယ်တိုင်ပင် ဦးဆောင်ခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်တွင် မင်းအောင်လှိုင် ကြေညာခဲ့သည့် အသွင်ပြောင်းလဲမှုသည် ပြင်းထန်သော ဖိနှိပ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေသည့် စစ်အုပ်ချုပ်ရေးအတွက် အနှစ်သာရရှိသည့် မူဝါဒအပြောင်းအလဲများ ဖြစ်လာမည်ဟု လေ့လာသူများက မမျှော်လင့်ကြပါ။ ဤကြေညာချက်သည် ၂၀၂၁ ဖေဖော်ဝါရီလတွင် အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချခဲ့ပြီးကတည်းက မင်းအောင်လှိုင် ကတိပြုခဲ့သည့် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများ စတင်နေပြီဆိုသည့် အချက်ကို ပြသနေသည်။
လာမည့် ဒီဇင်ဘာလတွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားသည်။ NLD သည် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင် ၆၀ ရာခိုင်နှုန်းဝန်းကျင်အထိ အနိုင်ရခဲ့သောကြောင့် ဤလုပ်ငန်းစဉ်တစ်ခုလုံးကို ဟန်ဆောင်သက်သက် ဖြစ်သွားစေသည်။ စစ်တပ်နှင့် နီးစပ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က အနိုင်ရရန် များနေသည်။
မြန်မာစစ်အစိုးရ၏ အဓိကထောက်ခံသူ တရုတ်သည် ဤရွေးကောက်ပွဲ၏ အဓိက ဖန်တီးရှင်လည်းဖြစ်သည်။ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် International Crisis Group ၏ အစီရင်ခံစာတွင် တရုတ်က ဤရွေးကောက်ပွဲကို အစိုးရပြိုလဲမှု မဖြစ်အောင် တားဆီးပေးသည့်အတွက် “တစ်ခုပေးတစ်ခုယူ” (quid pro quo) အဖြစ် ရှုမြင်ထားသည်ဟု ဆိုသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးပြီးချင်းတွင် တရုတ်က မြန်မာစစ်ကောင်စီနှင့် သံတမန်ရေးအရ ခပ်ဝေးဝေး ဆက်ဆံခဲ့သော်လည်း တိုက်လေယာဉ်များ ဆက်လက်ထောက်ပံ့ပေးခဲ့ပြီး ဗုံးထုတ်လုပ်ရေးတွင်လည်း ပံ့ပိုးကူညီပေးခဲ့သည်။ လက်နက်ကိုင်တော်လှန်ရေးများ ကျယ်ပြန့်စွာ ပေါ်ပေါက်လာသဖြင့် စစ်ကောင်စီသည် တရုတ်နယ်စပ်ဒေသနှင့် တရုတ်၏ အဓိကအခြေခံအဆောက်အအုံ စီမံကိန်းများတွင် တည်ငြိမ်မှု မပေးနိုင်ခဲ့ရာ တရုတ်က စိတ်အနှောင့်အယှက် ဖြစ်ခဲ့သည်ဟု လေ့လာသူများက ယုံကြည်ကြသည်။
သို့သော် ပြီးခဲ့သည့်နှစ်ကစ၍ တရုတ်က စစ်အစိုးရကို ထောက်ခံရန်အတွက် သာမန်ထက်ပို၍ ဝင်ရောက်စွက်ဖက်ခဲ့သည်။ တရုတ်နယ်စပ်တွင် လှုပ်ရှားနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို မြန်မာစစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် ဖိအားပေးခဲ့ပြီး သိမ်းပိုက်ထားသည့် နယ်မြေအချို့ကိုပင် နေပြည်တော်ရှိ စစ်ကောင်စီထံ ပြန်လည်ပေးအပ်ရန် ဖိအားပေးခဲ့သည်။ ထို့အပြင် ၎င်းအဖွဲ့များကို ဒီမိုကရေစီလိုလားသည့် လှုပ်ရှားမှုများနှင့် ဆက်ဆံရေးဖြတ်တောက်ရန်လည်း ဖိအားပေးခဲ့သည်။ အကြောင်းမှာ တရုတ်က အဆိုပါလှုပ်ရှားမှုများကို အနောက်နိုင်ငံများနှင့် နီးစပ်လွန်းသည်ဟု ရှုမြင်ပြီး မင်းအောင်လှိုင်ထက်ပင် ပြဿနာပိုရှိသည်ဟု ယူဆနေသောကြောင့် ဖြစ်သည်။
တရုတ်က မြန်မာနိုင်ငံတွင် စစ်တပ်ကျောထောက်နောက်ခံပြု အုပ်ချုပ်မှု ဆက်ရှိနေမည်ဟု ယူဆထားသော်လည်း မင်းအောင်လှိုင်တော့ မဟုတ်ဟု မျှော်လင့်နေနိုင်သည်။ ဤနေရာတွင် ရွေးကောက်ပွဲက အရေးပါလာသည်။ “ပေကျင်းက အရပ်သားအမည်ခံအစိုးရနဲ့ ဆက်ဆံရတာကို ပိုနှစ်သက်ပြီး ဖြစ်နိုင်မယ်ဆိုရင် မင်းအောင်လှိုင်မဟုတ်တဲ့ တခြားတစ်ယောက်နဲ့ ဆက်ဆံဖို့ ပိုလိုလားပါတယ်” ဟု Crisis Group အစီရင်ခံစာက ဖော်ပြခဲ့ပြီး တရုတ်က ထိုဗိုလ်ချုပ်ကြီးကို “အရည်အချင်းမရှိသူ” ဟု ယုံကြည်ထားသည်ဟု ထပ်လောင်းဖော်ပြခဲ့သည်။
ရွေးကောက်ပွဲပြီးပါက အာဏာကို ကာကွယ်ရေးဦးစီးချုပ်နှင့် သမ္မတ ရာထူးနှစ်ခုကြားတွင် ခွဲဝေပေးသွားနိုင်သည်။ လက်ရှိတွင် မင်းအောင်လှိုင်သည် ဤရာထူးနှစ်ခုလုံးကို တစ်ပြိုင်နက်တည်း သိမ်းပိုက်ထားသည်။ ထို့အပြင် စစ်တပ်ကရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖန်တီးထားသည့် အာဏာရှိသော လွှတ်တော်ဥက္ကဋ္ဌကလည်း နိုင်ငံရေးသမားရာပေါင်းများစွာဖြင့် ဖွဲ့စည်းထားသည့် လွှတ်တော်ကို ဦးဆောင်ရမည် ဖြစ်သည်။
ရွေးကောက်ပွဲက ဘာများ ပြောင်းလဲစေနိုင်သနည်း။ အချို့သော လေ့လာသူများနှင့် သံတမန်များက မင်းအောင်လှိုင်ကို ရာထူးမှ ဖယ်ရှားနိုင်မည်၊ သို့မဟုတ် ပိုမိုလက်တွေ့ကျကျပြောရလျှင် ပြိုင်ဘက်အာဏာစင်တာများ ပေါ်ထွက်လာစေရန်အတွက် သူ၏ သြဇာအာဏာကို ကန့်သတ်နိုင်မည်ဟု မျှော်လင့်နေကြသည်။ သို့သော် အခြားသူများကမူ ယင်းကို “စိတ်ကူးယဉ်သက်သက်” အဖြစ်သာ ပယ်ချခဲ့ကြသည်။
အကောင်းမြင်သူများက စစ်တပ်လိုလားသူအသိုင်းအဝိုင်းအတွင်းတွင်ပင် မင်းအောင်လှိုင်ကို မကြိုက်သူ များနေသည်ကို ထောက်ပြကြသည်။ သူသည် တော်လှန်ရေးအဖွဲ့များကို တိုက်ပွဲများတွင် အကြီးအကျယ် ရှုံးနိမ့်ခဲ့ခြင်းကြောင့် အဆင့်မြင့်စစ်အရာရှိများနှင့် ထင်ရှားသည့် အမျိုးသားရေးဝါဒီများဆီမှ မကြုံစဖူး ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
လေ့လာသူများ၏ အဆိုအရ USDP သည် ကာကွယ်ရေးဦးစီးချုပ်ကို မကျေမနပ်ဖြစ်နေရသည်မှာ သူကြောင့် ဖြစ်ပေါ်လာသည့် နာတာရှည် မတည်ငြိမ်မှုနှင့် စီးပွားရေးပြိုလဲမှုတို့ကြောင့်သာ မဟုတ်ပေ။ အာဏာသိမ်းပြီးကတည်းက USDP အဖွဲ့ဝင်များကို ဒီမိုကရေစီအင်အားစုများက လုပ်ကြံသတ်ဖြတ်ခဲ့သည်။ စစ်တပ်က သူတို့ကို ကာကွယ်ပေးနိုင်ခြင်း သို့မဟုတ် ကာကွယ်ပေးလိုခြင်း မရှိသဖြင့် USDP အဖွဲ့ဝင်နှင့် ထောက်ခံသူ ၃,၀၀၀ ခန့် သေဆုံးခဲ့သည်ဟု USDP က ထုတ်ဖော်ပြောကြားခဲ့သည်။
တစ်ချိန်တည်းတွင် မင်းအောင်လှိုင်က သူ၏ အရင်ခေါင်းဆောင်များထက် အာဏာကို ဗဟိုချုပ်ကိုင်မှု ပိုမိုလုပ်ဆောင်ခဲ့သောကြောင့် သူ့ကို ဖယ်ရှားရန် ပိုမိုခက်ခဲစေသည်။ ၂၀၂၃ ခုနှစ်တွင် စစ်တပ်က တရုတ်နယ်စပ်တစ်လျှောက်ရှိ နယ်မြေအများစုကို ဆုံးရှုံးခဲ့ချိန်တွင် စတင်ခဲ့သည့် လူသိရှင်ကြား ဝေဖန်မှုများသည် ခြိမ်းခြောက်မှုများနှင့် အကြောက်တရားများမှတစ်ဆင့် ပျောက်ကွယ်သွားခဲ့သည်။
ဥပမာအားဖြင့် USDP မှ ထင်ရှားသည့် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးလှဆွေက မင်းအောင်လှိုင်၏ မဟာဗျူဟာစွမ်းရည်ကို သွယ်ဝိုက်ပြီး ဝေဖန်ခဲ့သည်။ ဦးလှဆွေက သူ၏ ကိုယ်ပိုင်ပြောဆိုမှုတွင် အခြားစစ်ခေါင်းဆောင်များကို စစ်ပွဲအောင်ပွဲများအတွက် ချီးကျူးခဲ့ပြီး မင်းအောင်လှိုင် သိသိသာသာ ရှုံးနိမ့်ခဲ့သည့် တိုက်ပွဲနေရာများကိုလည်း အတိအလင်း ဖော်ပြခဲ့သည်။ ထိုနောက်ပိုင်းတွင် သူ့ကို ခဏတာ ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု သိရပြီး သူ၏ သဘောထားလည်း ပြောင်းလဲသွားခဲ့သည်။ ဇူလိုင်လတွင် Foreign Policy က ဆက်သွယ်မေးမြန်းသောအခါ ဦးလှဆွေက အစိုးရခေါင်းဆောင်အပေါ် မကျေနပ်မှုမရှိကြောင်း အခိုင်အမာ ပြောပြီး ဖုန်းချသွားခဲ့သည်။
အကောင်းမြင်သူများအတွက် မင်းအောင်လှိုင်ကို ဘေးဖယ်ထားနိုင်မည့် ရွေးကောက်ပွဲမှန်သမျှသည် ငြိမ်းချမ်းရေးအတွက် အရေးပါသည့် ခြေလှမ်းတစ်ခု ဖြစ်နိုင်သည်။ “ရွေးကောက်ပွဲပြီးရင် ဆွေးနွေးပွဲဆိုတဲ့ လမ်းကြောင်းကတစ်ခုပဲ ရှိပါတယ်” ဟု မီဒီယာနှင့် စကားပြောခွင့်မရှိသဖြင့် အမည်မဖော်လိုသည့် အနောက်တိုင်းသံတမန်တစ်ဦးက Foreign Policy သို့ ပြောခဲ့သည်။
မင်းအောင်လှိုင်သည် သူ့ အုပ်ချုပ်မှုအောက်တွင် ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် ပုဂ္ဂိုလ်ရေးအရ အလွန်အမင်း ဆက်စပ်နေသဖြင့် သူအာဏာရနေချိန်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်မည်ဆိုသည့် အယူအဆက လုံးဝမဖြစ်နိုင်ဟု ယူဆကြသည်။ မေလက တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေရှိ စာသင်ကျောင်းတစ်ကျောင်းကို လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် အသက် ၈ နှစ်အရွယ် ကျောင်းသား ၂၀ နှင့် ဆရာ ၂ ဦး သေဆုံးခဲ့ရသည်။
မြန်မာနိုင်ငံ၏ သက်တမ်းအရှည်ဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီက စစ်တပ်သည် အရပ်သားထိန်းချုပ်မှုအောက်သို့ ဝင်ရောက်ရန် သဘောတူမှသာ ညှိနှိုင်းမှုများကို စဉ်းစားမည်ဟု Foreign Policy သို့ ပြောခဲ့သည်။
“မင်းအောင်လှိုင် ရာထူးကနေ ဆင်းသွားရင်တောင် စစ်အစိုးရနဲ့ ဆွေးနွေးဖို့က ပိုလွယ်ကူလာမှာ မဟုတ်ပါဘူး” ဟု စောတောနီက စာတိုပေးပို့ခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံရေးဆိုင်ရာအခွင့်အရေးများအပြင် စစ်တပ်ကို အရပ်ဘက်ကြီးကြပ်မှုအပြင်ဘက်တွင် ထားရှိထားသည်။
သို့သော် ထိုအရာသည် မျှော်လင့်ရန် များလွန်းနေနိုင်သည်။ “ဒီရက်ပိုင်းမှာ သံတမန်တွေရဲ့ စိတ်ဓာတ်က နည်းနည်းလေး စိတ်ပျက်အားငယ်နေကြပါတယ်” ဟု အနောက်တိုင်းသံတမန်က ပြောခဲ့ပြီး မင်းအောင်လှိုင် အာဏာမှ ထွက်ခွာခြင်းသည် “စိတ်ကူးယဉ်သက်သက်” ဖြစ်သည်ဟု ထပ်ပြောခဲ့သည်။
ဒီဇင်ဘာလတွင် ရွေးကောက်ပွဲကျင်းပရန် စီစဉ်ထားသဖြင့် မင်းအောင်လှိုင်၌ သူ၏သစ္စာခံကို သမ္မတနေရာတွင် တင်မြှောက်ရန် သို့မဟုတ် သူကိုယ်တိုင် သမ္မတနေရာ တက်မည်ဆိုပါက အမိန့်နာခံမည့်သူတစ်ဦးကို ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ်ရန်အတွက် အချိန်လုံလုံလောက်လောက် ရှိနေသည်။ မင်းအောင်လှိုင်က ပြိုင်ဘက်အဖွဲ့တစ်ဖွဲ့ကနေ သူ့ကို ပရိယာယ်ဖြင့် ဖြုတ်ချဖို့ ကြိုးစားနေသည်ဟု ခံစားရပါက ဤကိစ္စတစ်ခုလုံးကို ရပ်တန့်ပစ်နိုင်သည်။
ရွေးကောက်ပွဲကျင်းပရန်အတွက် ထောက်ပံ့ပို့ဆောင်ရေးအရ ခက်ခဲနိုင်သည်။ စစ်တပ်ကို ထောက်ခံသည့် မဲဆွယ်ပွဲများ သို့မဟုတ် မဲရုံများသည် ရွေးကောက်ပွဲကို အနှောင့်အယှက်ပေးရန် မျှော်လင့်နေသည့် တော်လှန်ရေးအဖွဲ့များ၏ ပစ်မှတ်ဖြစ်လာနိုင်သည်။ မြန်မာနိုင်ငံ၏ အချို့သော အုပ်ချုပ်ရေးနယ်မြေများသည် ယခုအခါ ထိန်းချုပ်မှုကွဲလွဲနေသည့် နယ်မြေများ ဖြစ်နေပြီး အချို့ဒေသများမှာမူ တော်လှန်ရေးအဖွဲ့များ၏ လက်ထဲသို့ အလုံးစုံနီးပါး ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ အနောက်ဖျားပိုင်း ချင်းနှင့် ရခိုင်ပြည်နယ်များ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်များတွင် စစ်ကောင်စီသည် ပြည်နယ်မြို့တော်များထက် ပိုမိုထိန်းချုပ်နိုင်ခြင်းမရှိပေ။
မင်းအောင်လှိုင် ရှုထောင့်မှကြည့်လျှင် ဤမတည်ငြိမ်မှုများတွင်လည်း အကျိုးကျေးဇူးများ ရှိနေသည်။ အစိုးရက ရွေးကောက်ပွဲကို အပတ်ပေါင်းများစွာ အဆင့်ဆင့်ခွဲ၍ ကျင်းပသွားမည်ဟု ပြောခဲ့သည်။ ထိုရွေးကောက်ပွဲများတွင် Crisis Group အစီရင်ခံစာအရ အိန္ဒိယတွင် ထုတ်လုပ်ထားသည့် အီလက်ထရောနစ်မဲပေးစက်များကို အသုံးပြုသွားမည်ဖြစ်သည်။ ၎င်းပုံစံသည် မင်းအောင်လှိုင်အတွက် သူစိတ်ကြိုက်ရလဒ်များကို ပြင်ဆင်ရန် လွယ်ကူစေလိမ့်မည်။
ဤအီလက်ထရောနစ်မဲပေးစက်များသည် စစ်တပ်အတွက်တော့ အဆင်မပြေသည့် ဖြေရှင်းနည်းတစ်ခုပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD က မဲမသမာမှုများ လုပ်ခဲ့သည်ဟု အခြေအမြစ်မရှိ စွပ်စွဲပြီး အာဏာသိမ်းခဲ့ခြင်းကြောင့် ဖြစ်သည်။
အာဏာရှင်ဆန်သည့် သဘောထားများ ရှိနေသော်လည်း စစ်တပ်သည် ရလဒ်များကို ငြင်းပယ်ခဲ့လျှင်တောင် သန့်ရှင်းသည့် ရွေးကောက်ပွဲများ ကျင်းပရန်ကို ထူးဆန်းစွာ တွယ်တာခဲ့သည်။ ၁၉၉၀ နှင့် ၂၀၁၅ ခုနှစ်များက စစ်တပ်ဦးစီး ကျင်းပခဲ့သည့် ရွေးကောက်ပွဲများနှင့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများတွင် NLD က အလုံးစုံနီးပါး အနိုင်ရခဲ့သည်။ စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲကဲ့သို့ပင် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်များကို ပယ်ဖျက်ခဲ့သော်လည်း မဲများကိုတော့ မျှမျှတတ ရေတွက်ခဲ့သည်။
မင်းအောင်လှိုင်က ကြီးမားသည့် ခြိမ်းခြောက်မှုများနှင့် တရုတ်၏ ဖိအားများဖြင့် ရင်ဆိုင်နေရသောကြောင့် ရွေးကောက်ပွဲ ကျင်းပရန် သဘောတူခဲ့သည်။ သို့သော် နောက်ဆက်တွဲ ဘာဖြစ်လာမည်ဆိုသည်ကိုတော့ စောင့်ကြည့်ရဦးမည်။
ရွေးကောက်ပွဲကို ဖျက်သိမ်းခြင်း သို့မဟုတ် အကြွင်းမဲ့အာဏာရှင်အဖြစ် ဆက်လက်နေခြင်းမျိုး လုပ်ပါက ၂၀၂၃ ခုနှစ်က နယ်စပ်တွင်ရှိသည့် တော်လှန်ရေးအဖွဲ့များ၏ ထိုးစစ်ကို ခွင့်ပြုခဲ့သည်ဟု ယူဆရသည့် တရုတ်ကို ဒေါသထွက်စေနိုင်သည်။ သို့သော် မင်းအောင်လှိုင်က သူ ရှင်သန်ရပ်တည်ရေးအတွက် နိုင်ငံနှင့် စစ်တပ်ကဲ့သို့ အဖွဲ့အစည်းတစ်ခုကို ထိခိုက်စေဖို့ ဆန္ဒရှိနေသည်ဆိုသည်ကို အကြိမ်ကြိမ် ပြသခဲ့သည်။ ရွေးကောက်ပွဲတစ်ခုက သူ့ရာထူးကို ခြိမ်းခြောက်နိုင်သည်ဟု ထင်မြင်ပါက ရှေ့ဆက်သွားလိမ့်မည်ဟု မျှော်လင့်စရာ အကြောင်းမရှိပေ။ အကယ်၍ ထိုသို့လုပ်လိုက်ပါက သူ၏ အဓိကကျောထောက်နောက်ခံဖြစ်သည့် တရုတ်၏ ဒေါသကို ရင်ဆိုင်ရနိုင်ခြေရှိနေရင်တောင်မှ ဖြစ်သည်။
ထိုအခြေအနေတွင် တရုတ်က ဤကို သတိထားမိနေသည်။ ထို့ကြောင့် မြန်မာ့ရွေးကောက်ပွဲကို အားပေးနေခြင်းသည် အခြားအကြံအစည်များ မရှိသော နိုင်ငံတကာအသိုင်းအဝိုင်းဘက်မှ မမျှော်လင့်ဘဲ တစ်ခုခုဖြစ်လာမလားဟု မျှော်လင့်ပြီး ရမ်းသမ်းပစ်ခတ်လိုက်သည့် သေနတ်တစ်ချက်သာ ဖြစ်သည်။
Ref – Foreign Policy
#မြန်မာ့ရွေးကောက်ပွဲ #တရုတ် #ဘာသာပြန်ဆောင်းပါး #ThanLwinKhetNews