ဇူလိုင်လ ၂၂ နှင့် ၂၃ ရက် နှစ်ရက်တည်းတွင် စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှု ၃၁ ကြိမ်အထိရှိခဲ့ပြီး အရပ်သားပြည်သူ ခုနစ်ဦး သေဆုံးကာ ကိုးဦး ဒဏ်ရာရရှိခဲ့ကာ ၄၀ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု ဉာဏ်လင်းသစ်သုတေသနအဖွဲ့မှ ထုတ်ပြန်သည်။
အဆိုပါနှစ်ရက်အတွင်း စစ်ကောင်စီမှ အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်မှု ၁၉ ကြိမ်ရှိခဲ့သည်ဟု ယင်းသုတေသန စာတမ်းတွင် ဖော်ပြထားသည်။
ထို့အပြင် အရပ်သားပြည်သူများအား လေကြောင်းတိုက်ခိုက်မှု ခြောက်ကြိမ်နှင့် လက်နက်ကြီးဖြင့် တိုက်ခိုက်မှု ငါးကြိမ်အထိ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
စစ်ကိုင်းတိုင်း၊ တနင်္သာရီ၊ မွန်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ စစ်ကိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် အရပ်သားသေဆုံးမှု အများဆုံးဖြစ်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။
ထို့အပြင် ဇူလိုင်လ ၂၂ ရက်ကလည်း ကရင်နီဒေသ လွိုင်ကော်မြို့ အဝင်ဂိတ်တွင် ဖြတ်သန်းသွားလာသည့် ဒေသခံ ၃၀ ဦးအား လွိုင်ကော်ဒေသကွပ်ကဲရေးစစ်ဌာနချုပ်သို့ ခေါ်ဆောင်သွားသည်ဟုလည်း ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် စစ်ကောင်စီ အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဇူလိုင် ၂၄ ရက်အထိ အရပ်သားပြည်သူ ၇၀၀၀ သေဆုံးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း AAPP မှ ထုတ်ပြန်ထားသည်။
ထို့အပြင် အာဏာရှင်ဆန့်ကျင်သောကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူ ၂၉၀၀၀ ကျော်ရှိပြီး သေဒဏ်ချမှတ်ခံထားရသူ ၁၇၂ ဦးအထိရှိသည်ဟု သိရသည်။
ထိုသို့ ပြည်တွင်းစစ်ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ ၃ ဒဿမ ၃ သန်းအထိ ရှိသည်ဟုလည်း သုတေသနအဖွဲ့များက ဖော်ပြထားသည်။
ပုံစာ – တအာင်းတပ်မတော်ထိန်းချုပ်ထားသည့် ဒေသတွင် စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် သေဆုံးသူ တစ်ဦးအားတွေ့ရစဉ်
ဓါတ်ပုံ- TNLA သတင်းပြန်ကြားရေး
#စစ်ကောင်စီ #သေဆုံး #ThanLwinKhetNews