ခင်သရဖီဦး
အာရက္ခတပ်တော် AA ထိန်းချုပ်ထားသည့် အမ်းမြို့နယ်တွင် မြစ်ကမ်းနံဘေး မျှစ်သွားချိုးသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက် ပြတ်ထွက်ကာ ဒဏ်ရာ ပြင်းထန်ရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
အဆိုပါ ခြေထောက် ဆုံးရှုံးသွားသူမှာ အမ်းမြို့နယ် တပ်တောင်တိုက်နယ်၊ ငလက်ကျေးရွာနေ အသက် ၃၁ နှစ်အရွယ် အမျိုးသား တစ်ဦး ဖြစ်သည်။
၎င်းသည် ဇူလိုင်လ ၂၃ ရက်၊ နံနက် ၈ နာရီခန့်အချိန်တွင် အမ်း-မအီ ကားလမ်းဘေးရှိ ချောင်းကမ်းနားတွင် မျှစ်သွားချိုးချိန် စစ်ကောင်စီ ထောင်ထားခဲ့သည့် မိုင်းနင်းမိခြင်းဖြစ်သည်ဟု အသက် ၂၇ နှစ် အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“သူက နေ့တိုင်းလည်း တောင်တွေက မျှစ်တွေ ခူးနေကြလို့ ပြောတယ်။ မနေ့ကတော့ အမ်းကားလမ်းပိုင်းနားက ချောင်းနားကို သွားရင်းနဲ့ ရောက်သွားတာပေါ့လေ။ အဲဒီမှာ မိုင်းနှင်းမိတော့ အခုလို ဒဏ်ရာရသွားတာပါ” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် နီးစပ်ရာ ဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိပြီး ဆေးဝါးအကူအညီများလည်း လိုအပ်နေသည်ဟု သိရသည်။
အမ်းဒေသခံ အသက် ၃၀ အရွယ်အမျိုးသားတစ်ဦးက ”ဆေးဝါးတွေက လုံလောက် မှုမရှိဘူး။ ဆေးရုံတွေမှာလည်း ဝန်ထမ်းတွေက ရှိတာ မဟုတ်ဘူးလေ။ သူတို့အတွက် ဆေးဝါးအကူအညီရော၊ ငွေကြေးအကူအညီရော လိုအပ်တယ်” ဟု ဆိုသည်။
ရခိုင်တွင် စစ်ကောင်စီသည် ၎င်းတို့ တပ်စွဲခဲ့သည့် နေရာအများအပြားနှင့် လမ်းမ၊ ပြည်သူပိုင် တောင်ယာများတွင် မြေမြုပ်မိုင်းများ ထောင်ထားခဲ့ကြောင်း အာရက္ခတပ်တော် AA က ပြောဆိုထားသည်။
ထိုကြောင့် တောင်ယာများအား အဓိက အားထားပြီး စားဝတ်နေရေး ဖြေရှင်းနေကြရသည့် ရခိုင် ဒေသခံများမှာ စိုးရိမ်မှုများရှိနေသည်။
သံတွဲမြို့နယ်မှ မြေပုံမြို့နယ်တွင် စစ်ဘေးရှောင်နေသည့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ”အခုက မိုးရာသီဆိုတော့ စစ်ဘေးရှောင်တွေ၊ ဒေသခံတွေက တောတောင်တွေက ဟင်းရှာ၊ငါးရှာပြီး စားသောက်နေကြရတာ။ တစ်ဖက်မှာလည်း အခုလို မိုင်းကလည်း ကြောက်ရသေးတာပေါ့လေ။ ဒါပေမဲ့ စားသောက်ရေးက အရေးကြီးတော့ ကြောက်ကြောက်နဲ့ ရှာနေကြရတာပါ။ ကိုယ်ဖြစ်ရင် ကိုယ်ခံရမှာပေါ့” ဟု ဆိုသည်။
အာရက္ခပြည်သူ့တော်လှန်အစိုးရအနေဖြင့် ရခိုင်တွင် မိုင်းအန္တရာယ် အသိပညာပေး ဟောပြောပွဲများ၊ မိုင်းအန္တရာယ် အသိပေးဆိုင်းဘုတ်များ၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို လုပ်ဆောင်လျက်ရှိသော်လည်း ၎င်းတို့ ထိန်းချုပ်နယ်မြေများတွင်ပင် မိုင်းရှင်းလင်းရေးအား အလုံးစုံ မလုပ်ဆောင်နိုင်သေးပေ။
စစ်တပ်ကထောင်ထားသည့်မိုင်းများအားတွေ့ရစဥ်
Photo APM
#အမ်း #မိုင်းနင်း #ThanLwinKhetNews