ခင်သရဖီဦး
ကျောက်ဖြူမြို့နယ် ကုလဘာကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ယမန်နေ့ ဇူလိုင်လ ၂၂ ရက် ညနေ ၅ နာရီခွဲဝန်းကျင်တွင် ဂျက်ဖိုက်တာဖြင့် ဗုံး ၅ လုံးကြဲချခဲ့သည့်အတွက် နွားကျောင်းသွားသည့် ဒေသခံတစ်ဦး ထိခိုက်သွားသည်ဟု အသက် ၂၈ နှစ်အရွယ် ကုလဘာကျေးရွာသား တစ်ဦးက ဆိုသည်။
၎င်းက ”ဗုံးသီးတွေက ကုလဘာရွာနားလယ်ပြင်မှာ ကျတာရှိတယ်။ ရွာထဲကို ကျတာရှိတယ်။ အဲဒီမှာ လယ်ကွင်းပြင်မှာ ကျတဲ့ အလုံးက နွားကျောင်းပြီး ပြန်လာတဲ့ ဦးမောင်သန်းရွှေကို ဗုံးစ ကျသွားတယ်” ဟု ပြောသည်။
ဒဏ်ရာရရှိသူမှာ ကုလဘာကျေးရွာတွင် နေထိုင်သည့် အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်သည်။
ကုလဘာကျေးရွာတွင် အိမ်ခြေတစ်ထောင်ကျော်ရှိပြီး ဒေသခံ အားလုံးနီးပါးမှာ ဘေးလွတ်ရာသို့ ပြီးခဲ့သည့် မတ်လမှ စတင်ကာ စစ်ဘေးရှောင်နေကြရသည်။
၎င်းက ဆက်ပြီး “ရွာမှာက လူတွေ မရှိတော့ပါဘူး။ အိမ်စောင့်လောက်ပဲ ကျန်ခဲ့ကြတာပါ။ တစ်ရွာလုံးနီးပါးက ၃ လပိုင်းကတည်းက စစ်ဘေးရှောင်နေကြရပါတယ်” ဟု ပြောသည်။
ကုလဘာကျေးရွာ၏ အရှေ့ဘက် ငါးမိုင်ခန့်အကွာတွင် စစ်ကောင်စီ၏ အမှတ် (၃၂) ရဲတပ်ရင်းရှိပြီး ယင်းတပ်ရင်းမှ ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် မကြာခဏ လှမ်းပစ်ခတ်လေ့ရှိသည်။
အလားတူ ယင်းနေ့ နံနက် ၁၂ နာရီကျော်ခန့်တွင်လည်း ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းကို ဗုံး ၂ လုံးကြဲချခဲ့သည့်အတွက် အဆောင်တချို့ ပျက်စီးသွားပြီး စစ်ဘေးရှောင် ဘုန်းတော်ကြီးတစ်ပါးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ထို့အပြင် အာရက္ခတပ်တော်ကလည်း အမှတ် (၃၂) ရဲတပ်ရင်းအား ထိုးစစ်ဆင်တိုက်ခိုက်မှုများရှိနေပြီး စစ်ကောင်စီက လက်နက်အင်အား၊ လူအင်အား ဖြည့်တင်းခြင်းများကိုဆက်တိုက်လုပ်ဆောင်နေသည်ဟုလည်း သိရသည်။
တစ်ဖက်တွင်လည်း ယင်းအနီးအနားရှိ ကာကင်းစခန်းများမှ စစ်ကောင်စီ၏ တပ်သားများမှာ အာရက္ခတပ်တော်သို့ မကြာခဏ လက်နက်ချ အလင်းဝင်ရောက်မှုများရှိနေပြီး ဇူလိုင်လအထိ စစ်ကောင်စီ တပ်သား ၃၀ ခန့် အေအေထံတွင် လက်နက်ချ အလင်းဝင်ရောက်ထားသည်ဟု သိရသည်။
#ကျောက်ဖြူ #ကုလာဘာ #ဂျက်ဖိုက်တာ #ဗုံးကြဲ #ThanLwinKhetNews