ယနေ့ မနက် ၈ နာရီကျော်ခန့်တွင် နှစ်နိုင်ငံ အငြင်းပွားနေသည့် နယ်မြေဖြစ်သော Ta Muen Thom ဘေးမဲ့တော ဧရိယာတွင် ထိုင်းစစ်တပ်နှင့် ကမ္ဘောဒီးယားစစ်တပ်တို့ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ထိုင်းနိုင်ငံ အခြေအစိုက် Thai PBS သတင်းဌာနတွင် ဖော်ပြထားသည်။
နယ်မြေအငြင်းပွားမှု ဖြစ်ပွားနေသည့် Ta Muen Thom ဘေးမဲ့တောနှင့် မီတာ ၂၀၀ ခန့်အကွာအဝေးရှိသည့် နေရာတွင် စခန်းချထားသည့် ထိုင်းစစ်တပ်အား ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်များက စတင်ပစ်ခတ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယမန့်နေ့မှစတင်၍ ထိုင်းအစိုးရက ကမ္ဘောဒီးယားနှင့် ထိစပ်နေသည့် နယ်စပ်ဂိတ်များအားလုံးအား ပိတ်လိုက်ပြီးဖြစ်ကာ ကမ္ဘောဒီးယားနိုင်ငံတွင် တာဝန်ထမ်းဆောင်နေသည့် ထိုင်းသံအမတ်အား ပြန်လည်ခေါ်ယူထားပြီး ကမ္ဘောဒီးယား သံအမတ်အား ၎င်းနိုင်ငံသို့ နှင်ထုတ်ခဲ့သည်ဟု ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရသိရသည်။
ပြီးခဲ့သည့် မေလကလည်း နှစ်နိုင်ငံ နယ်စပ်အနီးတွင် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ကမ္ဘောဒီးယား စစ်သားတစ်ဦး သေဆုံးခဲ့ပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေးပိုမိုတင်းမာလာခြင်း ဖြစ်သည်။
ထို့အပြင် ဇူလိုင် ၂၃ ရက်ကလည်း ထိုင်း-ကမ္ဘောဒီးယာ နယ်စပ်အနီးတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိုင်းစစ်သား ငါးဦး ဒဏ်ရာရရှိခဲ့သည်။
ယခုကဲ့သို့ ဆက်ဆံရေးတင်းမာနေရခြင်းမှာ နယ်စပ်က ရှေးဟောင်းဘုရားကျောင်းနေရာများအား နှစ်နိုင်ငံကြား ပိုင်ဆိုင်မှု အငြင်းပွားကြသောကြောင့် ဖြစ်သည်။
#ထိုင်း #ကမ္ဘောဒီးယား #တင်းမာမှု #ThanLwinKhetNews



