ခင်သရဖီဦး
နှစ်လ နီးပါးခန့် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းနေသောကြောင့် ရခိုင်တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်နေပြီး ဒေသခံပြည်သူများမှာ အရေးပေါ် အကူအညီ လိုအပ်နေသည်ဟု သိရသည်။
ရေလွှမ်းမိုးခံရသော နေရာများမှ ပြည်သူများအနေဖြင့် စားနပ်ရိက္ခာ အကူအညီ၊ အမိုးအကာများ၊ မျိုးစပါးများ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများ အပါအဝင် ကျန်းမာရေး စောင့်ရှောက်မှုများလည်း အရေးပေါ်လိုအပ်လျက်ရှိနေသည်ဟု သိရသည်။
ရခိုင်ပြည်နယ်တွင် ဇွန်လပထမပတ်မှ စတင်ကာ မိုး ဆက်တိုက်ရွာသွန်းမှုကြောင့် မြို့နယ်အားလုံးနီးပါးတွင် ရေဘေးသင့်ပြည်သူများရှိနေပြီး ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများအနေဖြင့် အထောက်အပံ့အကူအညီများ ပေးကြရန် လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ကလည်း ယမန့်နေ့က ထုတ်ပြန် တောင်းဆိုထားသည်။
မင်းပြားဒေသခံများအနေဖြင့်လည်း လက်ရှိတွင် ရေလွှမ်းမိုးမှုကို ကြုံနေရသည်ဟု မင်းပြားမြို့၊ ဦးစိုးတင့်ရပ်ကွက်မှ အသက် ၂၀ အရွယ် အမျိုးသမီးငယ်တစ်ဦးက ဆိုသည်။
”ကျွန်မတို့ မင်းပြားဘက်မှာက နှစ်တိုင်းကြုံရတာပါ။ အိမ်ပြိုတယ်။ ရေကြီးတယ်။ လူအသေအပျောက်တွေဖြစ်တယ်။ အဲဒါကို ကြုံရပါတယ်။ ကာကွယ်မှုလည်း မလုပ်နိုင်ပါဘူး။ ဒေသခံတွေ တတ်နိုင်တာကတော့ နေရာရွှေ့ပြောင်းကြရတာပါ။ အခုလည်း ဒေသခံတွေ အနေနဲ့ ရေးဘေးသင့်တော့ အလုပ်အကိုင်မလုပ်နိုင်တော့ အခက်အခဲတွေ ကြုံရပါတယ်” ဟု ၎င်းက ပြောသည်။
HDCO က ယခုနှစ်အတွင်း ရေလွှမ်းမိုးခံရသည့် ဒေသများတွင် ကောက်ယူထားသော စာရင်းအရ ဒုက္ခသည်စခန်းများ အပါအဝင် ကျေးရွာ ၉၀ မှ အိမ်ထောင်စု ၃၄၆၁ စု၊ လူဦးရေ ၁၂၂၄၉ ဦး ရေဘေးသင့်နေပြီး ၎င်းတို့အတွက် အကူအညီများ လိုအပ်နေသည်ဟု ထုတ်ပြန်သည်။
ထိုကြောင့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများအနေဖြင့် HDCO သို့ ဆက်သွယ်ကာ ထိခိုက်ခံရသော နေရာများသို့ လိုအပ်သည့် အကူအညီများ ဝိုင်းဝန်းထောက်ပံ့ပေးကြရန် တိုက်တွန်းထားသည်။
ပြီးခဲ့သည့် ဇွန်လတွင်လည်း ပုဏ္ဏားကျွန်းစစ်ဘေးရှောင်စခန်းများတွင် ရေနစ်မြုပ်သွားခြင်းကြောင့် စစ်ရှောင်များ အရေးပေါ် ရွှေ့ပြောင်းခဲ့ကြရသေးသည်။
“အိုးခွက်ပန်းကန်တွေလည်း ရေမြုပ်တဲ့အထဲ ပါသွားတယ်။ စာရွက်စာတမ်းတွေလည်း ရေနဲ့ အကုန်မျောပါသွားတယ်။ အိမ်ကလည်း အကုန်လုံးမြုပ်သွားတယ်။ လောလောဆယ်တော့ အိမ်ကို ပြုပြင်ဖာထေးပြီး နေနေပါတယ်”ဟု ပုဏ္ဏားကျွန်းစစ်ဘေးရှောင်စခန်းတွင် နေထိုင်သည့် အသက် ၄၅ နှစ် အရွယ် အမျိုးသမီး တစ်ဦးက ပြောသည်။
ထိုသို့ မိုးကြီးပြီး ရေလွှမ်းမိုးမှုကြောင့် နေအိမ်များ၊ စပါးခင်းများ၊လမ်းနှင့် တံတားများ ပျက်စီးပြီး လမ်းပန်းဆက်သွယ်ရေးများလည်း ပြတ်တောက်ကာ လူသေဆုံးမှုများပင် ဖြစ်ပွားလျက်ရှိနေသည်ဟု HDCO က ဖော်ပြထားသည်။
လက်ရှိ ရခိုင်ပြည်နယ် တောင်ကုတ်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စသည့် မြို့နယ်များတွင် မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် ရေးကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိနေသည်။
#ရခိုင် #ရေဘေးသင့်ဒေသ #အရေးပေါ်အကူအညီ #ThanLwinKhetNews