အပူပိုင်းမုန်တိုင်း “ဝီဖာ” အဖျားခတ်မှုကြောင့် မိုးဆက်တိုက် သည်းထန်ပြီး သောင်ရင်းမြစ်ရေ မြင့်တက်ကာ မြစ်ကမ်းတလျှောက် နေထိုင်သည့် စစ်ရှောင်ပြည်သူ တစ်ထောင်ကျော်ခန့် ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းနေရသည်ဟု စစ်ရှောင်အရေးကူညီသူ အချို့ထံမှ သိရသည်။
ကရင်ပြည်နယ်တွင်း စစ်ရှောင်များအတွက် ကူညီပေးနေသူ အသက် ၄၀ အရွယ် အမျိုးသမီး တစ်ဦးက “ရေ မတရား တက်နေတော့လေ Welcome to ကောသူးလေ ဆိုင်းဘုတ်တောင် မြုပ်တော့မယ်။ ချောင်းဘေးမှာရှိတဲ့ တဲတွေတော့ အကုန်လုံးမြုပ်သွားပြီ” ဟု လက်ရှိ အခြေအနေကို ဆိုသည်။
၎င်းက ဆက်၍ “ဒီမှာက ရေတက်တာက မြန်တယ်။ မိုးမရွာတော့ဘူးဆိုရင်တော့ ကျတာလည်း မြန်တယ်။ မိုးဆက်တိုက်ရွာရင် တော့ တရိပ်ရိပ် တက်တာပဲ။ ဒါပေမဲ့ လက်ရှိတော့ ကမ်းကူးလို့ရသေးတယ်။ အရမ်းဆိုးလာရင်တော့ ထိုင်းဘက်ကလည်း ကမ်းကူးဖို့ ခွင့်မပြုတော့ဘူး” ဟု ပြောသည်။
ယနေ့ နံနက် ၆ နာရီခန့်တွင် သောင်ရင်းမြစ်ရေသည် ၈၆၇ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ် ၉၆၃ စင်တီမီတာသို့ မကြာမီ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားကြသည်။
သောင်ရင်းမြစ်နံဘေးရှိ သေ့ဘောဘိုး စစ်ရှောင်စခန်း ဆေးပေးခန်းမှ သူနာပြုဆရာမ တစ်ဦးကတော့ “ဆေးခန်းကတော့ မပိတ်သေးပါဘူး။ ဆေးခန်းနားက ပြောင်းခင်းနားအထိတော့ ရောက်လာပြီ။ အရမ်းရေကြီးလာရင်တော့ အပေါ် တက်ရတာပေါ့။ မနက်က တက်တုန်းကတော့ ကျောင်းမှာ သွားဖွင့်ရမယ်။ အခုတော့ အခြေအနေ စောင့်ကြည့်နေတုန်းပါ” ဟုပြောသည်။
ယင်းသေ့ဘောဘိုးစခန်းရှိ ကမ်းနံဘေး ဈေးဆိုင်များနှင့် လူနေအိမ်များမှာ ယမန်နေ့ကတည်းက အမြင့်ပိုင်းသို့ ပြောင်းရွှေ့ထားပြီ ဖြစ်ပြီး အရေးပေါ် အခြေအနေ ကြုံတွေ့ရပါကလည်း လျှင်မြန်စွာ ရွှေ့ပြောင်းနိုင်ရန် ထော်လာဂျီများ ပြင်ဆင်ထားသည်ဟု သိရသည်။
ထို့အပြင် ဝေါ်လေဒေသတဝိုက် ရွာများမှာလည်း မြစ်ရေမြင့်တက်လာခြင်းကြောင့် အရေးပေါ်ပြောင်းရွှေ့ထားရပြီး ယခင်က စစ်ရှောင်နေထိုင်ခဲ့သည့် နေရာများတွင် ခေတ္တခိုလှုံနေရသည်ဟု စစ်ရှောင်အရေးကူညီသူ အသက် ၄၀ အရွယ် အမျိုးသမီးက ဆိုသည်။
ပြီးခဲ့သည့် နှစ်ကလည်း သောင်ရင်းမြစ်ရေမြင့်တက်မှုကြောင့် ဒေသခံများ သုံးကြိမ်တိုင်တိုင်ပြောင်းရွှေ့ခဲ့ရပြီး ပလေတိုက စစ်ရှောင်စခန်းလည်း ရေထဲမျောပါသွားခဲ့သည်ဟု သိရသည်။
“ဒီနှစ်က ပထမဦးဆုံးကြုံတာ ဝေါ်လေဘက်က အောက်ပိုင်းရွာတွေလည်း ရေမြုပ်ကုန်ပြီ။ လက်ရှိကတော့ စစ်ဘေးရှောင်မှာပဲ နေနေကြတယ်။ အိမ်တွေကတော့ ချန်ထားခဲ့ရတာပေါ့။ ဒီအတိုင်းပဲ ထားခဲ့ရတာပေါ့” ဟု ဒေသခံ အမျိုးသမီးက ပြောသည်။
ဝီဖာမုန်တိုင်း (Tropical Storm Wipha) သည် ထိုင်းနိုင်ငံကို ဖြတ်ကျော်ဝင်ရောက်လာမည်ဖြစ်ပြီး ယင်းအရှိန်ကြောင့် မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသများဖြစ်သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် တောင်ပိုင်း)၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်များတွင် မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။
ထို့အပြင် ထိုင်းနိုင်ငံဘက်မှလည်း ဝီဖာမုန်တိုင်းကြောင့် ဇူလိုင် ၂၂ မှ ၂၄ အထိ မဲဆောက်၊ မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင်၊ လမ်ပန်း၊ ကန်ချနာပူရီနှင့် သောင်ရင်းမြစ်တကြောရှိ မြို့နယ်များတွင် မြစ်ရေမြင့်တက်နိုင်သည်ဟု သတိပေးထုတ်ပြန်ထားသည်။
#သောင်းရင်းမြစ် #စစ်ရှောင် #ဝီဖာမုန်တိုင်း #ThanLwinKhetNews