စစ်ကောင်စီ၏ ဖမ်းဆီးချုပ်နှောင်နှိပ်စက်ခြင်းကို ခံခဲ့ရသည့် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အသက် ၂၅ နှစ် အရွယ် နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင်အား ရေဝေးသုဿန်၌ ယနေ့ ဂူသွင်းသဂြိုလ်ခဲ့သည်။
သူမ၏ နောက်ဆုံးခရီးကို မိသားစုဝင်များနှင့် အတူ နိုင်ငံရေးအင်အားစုများနှင့် ရုပ်ရှင်သရုပ်ဆောင် ထွန်းကိုကို၊ နာရေးကူညီမှုအသင်း (ရန်ကုန်) နာယကကြီး ဒေါ်သန်းမြင့်အောင်နှင့် အသင်းသူ အသင်းသားများက ပို့ဆောင်ကူညီပေးခဲ့ကြသည်။
မဝတ်ရည်အောင်သည် စစ်ကောင်စီ၏ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၄ ရက်တွင် ဖမ်းဆီးခံခဲ့ရသည်။
အင်းစိန်အကျဉ်းထောင်တွင် ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီးနောက် ဒိုက်ဦးအကျဉ်းထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည်။ ထို့နောက် ၂၀၂၃ ခုနှစ် ဇွန်လ ၂၇ ရက်တွင် ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် ၄ နှစ် ထပ်မံချမှတ်ခံခဲ့ရသည်။
ဖမ်းဆီးခံရစဉ် စစ်ကြောရေးကာလအတွင်း ညှဉ်းပမ်းနှိပ်စက်ခံရခြင်းကြောင့် ဦးခေါင်းနှင့် ခန္ဓာကိုယ်တစ်ဝိုက်တွင် ပြင်းထန်သည့် ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။
ထို့ကြောင့် အင်းစိန်ထောင်သို့ ရောက်ရှိချိန်မှစ၍ ဆေးဝါးကုသမှုများ ခံယူနေခဲ့ရသူဖြစ်ကာ ဆေးကုသမှု လုံလောက်စွာ မရရှိခဲ့သည့်အတွက် အင်းစိန်အကျဉ်းထောင်တွင် ဇူလိုင် ၁၉ ရက်က ကျဆုံးခဲ့ရခြင်းဖြစ်သည်။
ဓာတ်ပုံ – ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ