ခင်သရဖီဦး
ကျောက်ဖြူမြို့နယ် ကျောက်ပြောက်ရွာအား ယနေ့ ဇူလိုင်လ ၂၂ ရက် နံနက် ၁၂ နာရီကျော်အချိန်တွင် ဂျက်ဖိုက်တာ တစ်စီးဖြင့် ဘုန်းတော်ကြီးကျောင်းအား ဗုံး နှစ်လုံး ကြဲချခဲ့သောကြောင့် ဘုန်းတော်ကြီး တစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ကျောင်းဆောင်အတွင်းရှိ အဆောက်အအုံ အချို့လည်း ပျက်စီးသွားသညိဟုလည်း ဒေသခံများက ဆိုသည်။
“ဘုန်းကြီးကျောင်း တည့်တည့်ကို ဗုံးချသွားတာပါ။ ဗုံးနှစ်လုံး ချသွားတဲ့အတွက် ကျောင်းဆောင်ထဲမှာ ရှိတဲ့ ဆရာတော်ကြီးတစ်ပါးက ထိခိုက်သွားတယ်။ ကျောင်းဝင်းထဲက ဓမ္မာရုံတွေလည်း ပျက်စီးသွားတယ်” ဟု အသက် ၃၀ အရွယ် ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။
ဒဏ်ရာ ရရှိသွားသည့် ဘုန်းကြီးမှာ သက်တော် ၉၃ နှစ်ရှိပြီဖြစ်ပြီး ဇိုင်ချောင်းရွာကျောင်းထိုင်ဆရာကြီး အရှင် အာစီဏ္ဏ ဖြစ်ကာ ကျောက်ပြောက်ကျေးရွာတွင် စစ်ဘေးရှောင် နေထိုင်နေခြင်းဖြစ်သည်။ လက်ရှိတွင် ဒေသခံများအနေဖြင့် စိုးရိမ်းမှုများ မြင့်တက်နေသည့်အတွက် တချို့ဒေသခံများမှာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြရသည်ဟု ဒေသခံက ဆက်ပြောသည်။
”ကျောက်ဖြူဘက်မှာကတော့ စစ်ရေးအရှိန်မြင့်နေတော့ အစကတည်းက လွတ်မြောက်ရာ ဘေးလွတ်ရာ နေရာတွေကို သွားနေကြတာရှိတယ်။ ဗုံးကြဲခံရတဲ့ ရွာက လူတချို့လည်း ထွက်ပြေးသွားကြတာရှိတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်နှင့် AA တို့မှာ ကျောက်ဖြူ အမှတ် (၃၂) ရဲတပ်ရင်း၊ ဓညဝတီရေတပ်ဌာနချုပ်အနီးတွင် အပြန်အလှန် ပစ်ခတ်မှုများနှင့် ထိတွေ့တိုက်ပွဲများရှိနေသည်ဟုလည်း သိရသည်။ ထို့အပြင် စစ်ကောင်စီဘက်မှ ဒရုန်းအများအပြား အသုံးပြုတိုက်ခိုက်နေကြောင်းလည်း သိရသည်။
ပုံစာ- ဗုံးကြဲ ခံရသည့် ကျောက်ပြောက် ကျေးရွာ ဘုန်းတော်ကြီးကျောင်းအားတွေ့ရစဥ်