ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ အနီးတဝိုက်က ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လုပ်ကိုင်နေသည့် နိုင်ငံခြားသား ငါးဦးအား အမှတ် ၂ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
ယနေ့ ဇူလိုင် ၂၂ ရက်တွင် အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်နေသည့် အီသီယိုပီးယားနိုင်ငံသား အမျိုးသား ၄ ဦးနှင့် ကင်ညာနိုင်ငံသား အမျိုးသားတစ်ဦးတို့အား သက်ဆိုင်ရာနိုင်ငံများသို့ ထိုင်းနိုင်ငံမှ တဆင့်လွဲပြောင်းပေး ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်ကလည်း အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်နေသည့် အိန္ဒိယနိုင်ငံသား ၃၆ ဦး၊ တရုတ်နိုင်ငံသား ၁၁ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား တစ်ဦး၊ သီရိလင်္ကာနိုင်ငံသား တစ်ဦး၊ နီပေါနိုင်ငံသား တစ်ဦး၊ မလေးရှားနိုင်ငံသား တစ်ဦးနှင့် ကင်ညာနိုင်ငံသား တစ်ဦး စုစုပေါင်း ၅၂ ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်ဟု သိရသည်။
၎င်းတို့သည် ထိုင်းနိုင်ငံနယ်စပ်မှ တစ်ဆင့် မြဝတီမြို့နယ် အနီးက ရွှေကုက္ကိုလ်၊ မဲ့ထော်သလေးနှင့် ကျောက်ခတ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် အလုပ်လုပ်ကိုင်နေကြသူများ ဖြစ်သည်။
ယင်းသို့ ကျားဖြန့်လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် နိုင်ငံခြားသားများအား ၂၀၂၅ ခုနှစ် ဇန်နဝါရီ လကုန်ပိုင်းမှ စတင်နှိမ်နင်းခဲ့ပြီး ဇူလိုင်လ ၂၁ ရက်အထိ ၉၃၀၀ နီးပါးအား ဖမ်းဆီးထိန်းသိမ်းထားနိုင်ခဲ့သည်ဟု ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။