မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ထန်းပင်ကုန်းကျေးရွာနှင့် ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းကျေးရွာနှင့် မြကန်သာကျေးရွာတို့ရှိ စစ်ကောင်စီ တပ်စခန်းများအားလုံးကို ယမန်နေ့က အပြီးသတ်သိမ်းပိုက်ရရှိခဲ့ရာ ဗိုလ်ကြီးအဆင့်ရှိသူ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးအပါအဝင် သုံ့ပန်း ၁၆ ဦး ဖမ်းဆီးရမိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်သည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ ဒရုန်းဂျမ်ဘာကားတစ်စီး၊ ဒရုန်းနှင့်ဆက်စပ်ပစ္စည်းများအပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့သည်ဟု ဆိုထားသည်။
ထို့အပြင် စစ်ကောင်စီတပ် သေဆုံးသူ အလောင်း ၁၅ ခု တွေ့ရှိခဲ့ပြီး စစ်တပ်ဘက်တွင် ထိခိုက်ဒဏ်ရာများရရှိသူများပြားခဲ့သည်ဟုလည်း ဖော်ပြထားသည်။
အဆိုပါ စစ်ဆင်ရေးအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် မတ္တရာမျိုးမှန်တပ်ဖွဲ့၊ မတ္တရာမြို့နယ် ပကဖ နှင့် SSTF တပ်ဖွဲ့တို့မှ ပူးတွဲဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)