ခင်သရဖီဦး
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ကျောက်ဖြူနှင့် စစ်တွေမြို့အနီးတွင် ရေလုပ်သားများကို စစ်ကောင်စီ ရေတပ်မှ မကြာခဏ ဖမ်းဆီးမှုများရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်က ကျောက်ဖြူနယ်၊ ဇင်ချောင်းကုန်ဘွေရွာ၊ မလကျွန်းရွာ၊ ဂုံးချွန် စသည့် ကျေးရွာများမှ ဒေသခံ ၈ ဦးအား စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု ကျောက်ဖြူဒေသခံ အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။ ၎င်းက “ကျနော် သိသလောက်ကတော့ ဖမ်းသွားတာ ၃ ရက်လောက်တော့ ရှိပါပြီ။ ဇင်ချောင်းရွာ အောက်ဘက်မှာ တပ်ချထားတဲ့ နေဗီ (ရေတပ်) ကနေပြီး သူတို့ကို ဖမ်းသွားတာလို့ သိရတယ်။ အခုထိတော့ မလွတ်သေးဘူး” ဟု ဆိုသည်။
ဖမ်းဆီးခံရသူများတွင် အသက်အရွယ်အားဖြင့် ၃၅ နှစ်မှ ၅၅ နှစ်အပိုင်းအခြားထိ ပါဝင်သည့် ဒေသခံများဖြစ်ကြသည်ဟုလည်း သိရသည်။ ထို့အတူ စစ်တွေမြို့အနီးတွင် တပ်စွဲထားသည့် နေဗီမှလည်း ပေါက်တောမြို့နယ်၊ ဆင်တက်မော်ကျေးရွာနှင့် စကေပြင်ကျေးရွာများမှ ငါးဖမ်းအလုပ် လုပ်ကိုင်သည့် မူဆလင်လူမျိုးများကို မကြာခဏ ဖမ်းဆီးမှုများရှိနေသည်ဟုလည်း အသက် ၂၅ နှစ်အရွယ် ပေါက်တောဒေသခံ အမျိုးသား တစ်ဦးကပြောသည်။
”ဒီဘက်မှာက ရခိုင်တွေလည်း ပါတယ်။ ဒါပေမယ့် နည်းတယ်။ မူဆလင်တွေ တော်တော်များတယ်။ ငါးဖမ်းရင်း အဖမ်းခံရတာ။ တချို့ မူဆလင်တွေကတော့ ကုန်ပစ္စည်းပို့ရင်း ဖမ်းခံရတာရှိတယ်။ မကြာမကြာ ဖမ်းခံရတယ်။ ရှိတယ်။ လွှတ်ပေးတာလည်းရှိသလို အခုထိ ဖမ်းထားတာလည်းရှိတယ်။ ဘုတ်တွေရော လူတွေရော ဖမ်းသွားတာတွေ များတယ်” ဟု ၎င်းက ဆိုသည်။
ပေါက်တောဒေသခံများမှာ အဓိကအားဖြင့် ရေလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်နေကြရကာ လက်ရှိတွင် ကျောက်ဖြူနှင့် စစ်တွေပင်လယ်ပြင်၌ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်စားသောက်နေရသည့် ဒေသခံများအတွက် စားဝတ်နေရေးအကျပ်အတည်းအပြင် ဖမ်းဆီးတရားစွဲဆိုခံရမှုများလည်း ကြုံတွေ့နေကြရသည်။
စစ်ကောင်စီအနေဖြင့် ကျောက်ဖြူ ပင်လယ်ပြင်နှင့် စစ်တွေမြို့အနီးရှိ ပင်လယ်ပြင်များတွင် နေဗီများ ချပြီး ၎င်းတို့ နေရာအနီးတစ်ဝိုက်သို့ ရောက်ရှိလာသည့် ဒေသခံများကို အကြောင်းပြချက်မရှိ၊ မကြာခဏ ဖမ်းဆီနေခြင်းလည်း ဖြစ်သည်။ ထို့အပြင် ငွေကြေးတောင်းခံမှုများရှိပြီး ပြန်လွှတ်ပေးသူများရှိသော်လည်း အနည်းငယ်သာ ပြန်လွတ်ကြသည်ဟု သိရသည်။
ရခိုင်ဒေသခံများမှာ စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းများ ပိတ်ဆို့ထားသည့်အတွက် ကုန်ဈေးနူန်းများလည်း မြင့်တက်လျက်ရှိသည်။ ကျောက်ဖြူနှင့် စစ်တွေမြို့နယ်တို့တွင် ထွက်ပေါက်အဖြစ် ရန်ကုန်သို့ လေကြောင်းတစ်ခုသာ ဖွင့်ပေးထားသည့်အတွက် စားဝတ်နေရေး အဆင်မပြေသည့် ဒေသခံများမှာ ယင်းကဲ့သို့ ပိတ်မိနေခြင်းလည်းဖြစ်သည်။
ပုံစာ – ငါးဖမ်းအလုပ် လုပ်ကိုင်ကြသည့် ဒေသခံ မူဆလင် မိသားစုဝင်များ