ကေအဲန်ယူ တပ်မဟာ(၃) နယ်မြေ လယ်ဒိုမြို့နယ်တွင်းသို့ စစ်ကောင်စီက ဒရုန်းဖြင့် ဗုံကြဲတိုက်ခိုက်မှုကြောင့် ကလေးနှစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ခြောက်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည်ဟု ကေအဲန်ယူက သတင်းထုတ်ပြန်သည်။
ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ လယ်ဒို (ကျောက်ကြီး) မြို့ နယ်၊ တောကြောင်ပေါက်ရွာရှိ စစ်ရှောင်များ ခိုလှုံနေသည့် စာသင်ကျောင်းကို ဇူလိုင်လ ၅ ရက် ညနေ ၅း၅၀ နာရီတွင် စစ်ကောင်စီ နတ်သံကွင်းအထိုင်တပ်မှ ဒရုန်းဖြင့် (၁၂၀) မမ ဗုံးသီး တစ်လုံး လာရောက်ပစ်ချခဲ့ခြင်းဖြစ်သည်။
ကျရောက်ပေါက်ကွဲမှုကြောင့် နတ်သံကွင်း (၆) ရပ်ကွက်မှ လာရောက် စစ်ဘေးရှောင်နေသည့် အသက် ၆၀ ကျော်အရွယ် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး၊ အသက် ၃၀ ကျော်အရွယ် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး၊ အသက် ၁ နှစ်နှင့် ၆ နှစ်အရွယ် ကလေးငယ် နှစ်ဦးတို့ သေဆုံးခဲ့ရသည်။
ထို့ပြင် ထိခိုက်ဒဏ်ရာရသူ သုံးဦးတွင် အလည်စု ကျေးရွာမှ စစ်ဘေးလာရှောင်နေသည့် အသက် ၃၀ အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးပါဝင်သည်။
စစ်ကောင်စီတပ်များက ခလယ်လွီထူခရိုင်၊ မြိုနယ် သုံးခုအတွင်းရှိ ကျေးရွာများထဲသို့ နေ့စဥ် လက်နက်ကြီးများ ပစ်ခတ်နေပြီး စစ်ဘေးရှောင်နေရာများပါ မကျန် ပစ်မှတ်ထားပစ်ခတ်မှုတို့ကြောင့် အရပ်သားပြည်သူများ ထိခိုက်နေကြရသည်။
ပြီးခဲ့သည့် ဇူလိုင် ၂ ရက်ကလည်း စစ်ကောင်စီတပ် ခမရ(၃၅၁)တပ်ရင်း ဆင်မတောင်မှ လက်နက်ကြီး နှစ်လုံး ပစ်ခတ်မှုကြောင့် မူးမြို့နယ် ညောင်ပင်ကုန်းကျေးရွာထဲ ကျရောက်ပေါက်ကွဲပြီး လာရောက် စစ်ဘေးရှောင်နေထိုင်သည့် ရှမ်းချောင်းရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့သေးသည်။
တောကြောင်ပေါက်ကျေးရွာကိုတော့ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလက စစ်ကောင်စီ ဒရုန်းဖြင့် ဗုံးကြဲချ တိုက်ခိုက်ခဲ့မှုကြောင့် ဘုရားကျောင်း ထိမှန်ကာ စာသင်နေသည့် ကျောင်းသူ နှစ်ဦး နှင့် ဆရာမ တစ်ဦး ဒဏ်ရာရရှိခဲ့သေးသည်။




