ခင်သရဖီဦး
မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း_ပဒါန်ကားလမ်းပေါ်ရှိ စစ်ကောင်စီ၏ နတ်ရေကန် လေကြောင်းကာကွယ်ရေးစခန်းအား အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်နေသောကြောင့် စစ်ကောင်စီဘက်မှ အင်အားများ ဖြည့်တင်းနေသည်။
လက်ရှိတွင် စခန်းမကျရေးအတွင် အင်အား၈၀၀ နီးပါးအထိ ဖြည့်ပြီး ခုခံကာကွယ်တိုက်ခိုက်နေသည်ဟု အာရက္ခတပ်တော် နှင့် နီးစပ်သူများထံမှ သိရသည်။
နတ်ရေကန်ကာကွယ်ရေးစခန်းကို ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်မှစပြီး တိုက်ခိုက်နေခြင်းဖြစ်ကာ လက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်နေသည်ဟု အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
၎င်းက “တိုက်ပွဲကတော့ နေ့တိုင်းနီးပါး ရှိနေတာပါပဲ။ တစ်နေ့မှ ရပ်တာမျိုး မရှိဘူး။ နေ့တိုင်းနီးပါး တိုက်ပွဲရှိတယ်။ စကစဘက်ကလည်း စစ်သားအင်းအားက ထောင်နားကပ်တယ်။ ၈၀၀ လောက်တော့ ရှိနေပြီ။ သူတို့ဘက်က ပြည်သူ့စစ်မှုထမ်းတွေ နေ့တိုင်းအင်းအားဖြည့်တာတွေရှိတယ်။ အခုရက်ပိုင်း အင်းအား ပိုပြီးတော့ ဖြည့်တာတွေ ရှိပါတယ်‘’ ဟု ပြောသည်။
ထို့အပြင် အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သားအချို့မှာလည်း နေ့စဉ်ဆိုသလို ထွက်ပြေးမှုများရှိနေပြီးလက်နက်ချ အလင်းဝင်သူများလည်း ရှိနေသည်ဟု နောက်ထပ် စစ်ရေးသိရှိသူတစ်ဦးက ဆိုသည်။
‘’စစ်တပ်ဘက်က မကြာခဏ ထွက်ပြေးလွတ်မြောက်သွားတဲ့ လူတွေ ရှိတယ်။ တချို့ကိုတော့ လက်ရ အရှင်ဖမ်းမိတာရှိတယ်။ နောက်ပြီး လက်နက်ချ အလင်းဝင်သူတွေလည်း ရှိပါတယ်။ အေအေဘက်ကရော တခြားလက်နက်ကိုင် တပ်ဖွဲ့ဝင်တွေဆီမှာလည်း ဖမ်းဆီးခံရတာတွေ ရှိပါတယ်’’ ဟု ၎င်းက ပြောသည်။
လက်ရှိတွင် နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းအနီးတွင် နေ့စဉ် တိုက်ပွဲ ပြင်းထန်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများကိုလည်း မကြာခဏ ပြုလုပ်လျက်ရှိသည်။