သူရဇော်
တနင်္သာရီမြို့ပေါ်နှင့် ၎င်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများသို့ စစ်မှုထမ်းတပ်သားအင်အားဖြည့်တင်းမှုများရှိသလို ရိက္ခာ၊ ဆေးဝါးများလည်းဖြည့်တင်းနေသည်ဟု ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
တနင်္သာရီမြို့နယ်အတွင်းရှိ ညောင်ပင်ကွင်းအခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၅၆၁၊ ဇဝဲကျေးရွာအနီးရှိ ခမရ ၅၅၆၊ အောက်ကင်းရွာရှိ ခမရ ၅၅၇၊ ကမ်းပလိုင်းရွာရှိ ခမရ ၅၅၈တပ်ရင်းနှင့် ရေဖြူကျေးရွာရှိ ဗျူဟာကုန်းတို့ကို စစ်ကောင်စီက ပြီးခဲ့သည် ဇွန်လအတွင်း စစ်မှုထမ်းတပ်သားများဖြင့် အင်အားဖြည့်တင်း၍ စစ်ရေးပြင်ဆင်မှုများလုပ်နေသည်ဟု ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
“အင်အားတိုးထားတာက ခမရ ၅၆၁ တပ်ရင်းတစ်ခုတည်းမဟုတ်ဘူး။ တနင်္သာရီမြို့နယ် တစ်ခုလုံးမှာ အင်အားတွေ တိုးချထားတယ်။ တနင်္သာရီမြို့ထဲမှာလည်း ရန်သူတပ်အင်အားတွေတိုးချထားတယ်” ဟု ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောသည်။
ပြီးခဲ့သည် ဇွန် ၁၆ ရက်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ ညောင်ပင်ကွင်းကျေးရွာ အနောက်ဘက်ခြမ်းရှိ စစ်ကောင်စီ၏ ခမရ-၅၆၁ ကို သွားရောက်တိုက်ခိုက်ခဲ့သည်ဟုလည်း မြိတ်ခရိုင်တပ်ရင်း ၃ မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ၎င်းက “ကျနော်တို့ဘက်က သွားပစ်တာပါ။ ရန်သူ့ဘက်က ဒီလအတွင်း အင်အားဖြည့်တင်းတာတွေ၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ဖြည့်တင်းတာတွေ လုပ်နေတာ။ ခမရ ၅၆၁ ကတော့ စစ်ကောင်စီအတွက် အရေးပါတဲ့ တပ်ရင်းတစ်ခုပါ။ တပ်ရင်းပတ်ပတ်လည်မှာ မိုင်းတွေ အများကြီး ထောင်ထားတယ်” ဟု ပြောသည်။
အဆိုပါထိတွေ့တိုက်ပွဲတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှုများ နှစ်နာရီတိုင် ကြာမြင့်ခဲ့သည်ဟု မြိတ်ခရိုင်တပ်ရင်း (၃) မှ ယမန်နေ့ ဇွန် ၃၀ ရက်တွင် ထုတ်ပြန်ထားသည်။ ညောင်ပင်ကွင်းကျေးရွာ၏ အလယ်တွင် ချောင်းငယ်တစ်ခုရှိသည်။ ချောင်း၏ အရှေ့ဘက်ခြမ်းတွင် တော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်ထားပြီး အနောက်ဘက်ခြမ်းကို စစ်ကောင်စီက ထိန်းချုပ်ထားသည်။
ထို့ကြောင် အဆိုပါ စစ်ကောင်စီအခြေစိုက်စခန်းသည် ဒေသတွင်းနယ်မြေစိုးမိုးနိုင်ရေးအတွက် စစ်ကောင်စီအတွက်သာမက တော်လှန်ရေးတပ်များအတွက်လည်း စစ်ရေးအရ များစွာ အရေးပါသည်။ ထို့အပြင် ပြီးခဲ့သည့် ဇွန်လ ၅ ရက်တွင်လည်း တနင်္သာရီမြို့နယ်၊ ချောင်းနှစ်ပေါက်ကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့သော ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် နှစ်ဦး သေဆုံးခဲ့သည်ဟု မြိတ်ခရိုင်တပ်ရင်း (၃) ထံမှ သိရသည်။ စစ်ကောင်စီ၏ ညောင်ပင်ကွင်းအခြေစိုက် ခမရ-၅၆၁ တပ်ရင်းမှ ယခုနှစ်အတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံ ခိုလှုံလာသူ ၂၀ ဦးထက်မနည်း ရှိခဲ့သည်ဟုလည်း ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များမှ ပြောသည်။
တစ်ဖက်တွင်လည်း စစ်ကောင်စီသည် စစ်မှုထမ်းတပ်သားသစ်များဖြင့် တနင်္သာရီမြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ တပ်ရင်း တပ်စခန်းများကို အင်အားဖြည့်တင်းမှုများပြုလုပ်နေခြင်းဖြစ်သည်။ ထို့ကြောင့် ဒေသခံများသည် စစ်ကောင်စီဘက်မှ စစ်ကြောင်းထိုးလာမည်ကို စိုးရိမ်နေကြသည်။
အဆိုပါတပ်စခန်းများမှ ဒေသတွင်းသို့ စစ်ကြောင်းထိုးမှုများ မကြာခဏပြုလုပ်နေသလို စစ်ကောင်စီက လေကြောင်းမှတဆင့် စာသင်ကျောင်း၊ ကျန်းမာရေးအဆောက်အအုံများနှင့် လူနေအိမ်များကို ဗုံးကြဲတိုက်ခိုက်မှုများလည်း မကြာခဏပြုလုပ်လျက်ရှိသည်။
ပုံစာ- ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၃) တပ်ရင်းမှ တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ-မြိတ်ခရိုင် အမှတ် (၃)တပ်ရင်း)