အကျဉ်းထောင်များတွင် လုံလောက်စွာ ဆေးကုသခွင့်မရသောကြောင့် ဇွန်လ တစ်လတည်းတွင် နိုင်ငံရေးအကျဉ်းသား ၃ ဦးအထိ သေဆုံးခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများ ကွန်ရက်(PPNM) ၏ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ဇွန်လ ၂၆ ရက် ည ၇ နာရီခန့်တွင် ကော့သောင်းအကျဉ်းထောင်တွင် နိုင်ငံရေးပုဒ်မဖြင့် ထောင်ဒဏ်ချမှတ် ခံထားရသည့် အသက် ၅၄ နှစ် အရွယ် ဦးအေးလွင်သည် နာမကျန်းဖြစ်နေချိန်တွင် အချိန်မီဆေးကုသခံယူ ခွင့်ယူမရရှိခြင်းကြောင့် သေဆုံးသွားသည်ဟု PPNM က ဇွန် ၃၀ ရက်တွင် ထုတ်ပြန်ထားသည်။
၎င်း နာမကျန်းဖြစ်နေချိန်တွင် ထောင်နှင့် နှစ်မိုင်ခန့် အကွာအဝေးရှိသည့် ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း အချိန်မီ ဆေးကုသခွင့်မရရှိခြင်းကြောင့် သေဆုံးခဲ့သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်ကလည်း အိုးဘိုထောင်တွင် အကျဉ်းကျခံနေရသည့် မန္တလေးတိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး သည် ရုတ်တရက် အမောဖောက်လာချိန်တွင် ပြင်ပဆေးရုံသို့ အချိန်မီဆေးကုသမှုခံယူရန် ပို့ဆောင်နိုင်ခြင်း မရှိခြင်းကြောင့် သေဆုံးခဲ့ရသည်။
ထို့အပြင် မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးကြောင့် လည်ပင်းနှင့် ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိထားသည့် အိုးဘိုအကျဉ်းထောင်မှ အသက် ၅၄ နှစ် အရွယ် ဦးမော်ထူးသည့် ထိရောက်စွာ ဆေးကုသခံယူခွင့်မရှိခြင်းကြောင့် ကိုမာဝင်ကာ ဇွန်လ ၁၃ ရက်တွင် သေဆုံးခဲ့ရသည်။
ယင်းသို့ နိုင်ငံရေးအကျဉ်းသားများအား လူ့အခွင့်အရေးချိုးဖောက်ကာ လုံလောက်စွာ ဆေးကုသခွင့် မပေးခြင်းများအား ဆန့်ကျင့်သည့် ကန်ပိမ်းအားလည်း နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများမှ ပြီးခဲ့သည့် မေလတွင် ပြုလုပ်ခဲ့သည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် နိုင်ငံရေးလှုပ်ရှား တက်ကြွသူများအား မတရားဖမ်းဆီးခြင်း၊ စစ်ကြောရေးစခန်းများတွင် ညှင်းပန်းနှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း များအား လုပ်ဆောင်နေသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများမှ ဆိုသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီမှ ဇွန် ၃၀ ရက်အထိ လုံလောက်စွာဆေးကုသခွင့်မရသောကြောင့် နိုင်ငံရေးအကျဉ်းသား ၁၃ ဦးအထိ သေဆုံးခဲ့ရသည်ဟု PPNM ၏ အချက်အလက်များ အရသိရသည်။
ထို့အပြင် မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးကြောင့် နိုင်ငံရေးအကျဉ်းသား ၄၉ ဦးအထိ သေဆုံးခဲ့ သော်လည်း အချိန်မီ အကြောင်းမကြား၍ ရက်လည်ဆွမ်းကျွေးပင် မလုပ်နိုင်ခဲ့ဟု မိသားစုဝင်များ၏ ပြောဆိုချက်များအား PPNM မှ တစ်ဆင့်သိရသည်။


