ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ကိုဝန်ကြီးကို ဝန်ကြီးချုပ်ရာထူးမှနုတ်ထွက်ပေးရန် တောင်းဆိုမှုများကို ပြုလုပ်နေသော ဆန္ဒပြသူများသည် အာဏာသိမ်းရန် တောင်းဆိုနေသည်ဟု လက်ရှိအာဏာရ ဖေ့ထိုင်းပါတီ(Pheu Thai Party) နှင့် ပြည်သူ့ပါတီ (People’s Party) တို့မှ ထုတ်ပြန်ထားသည်။
၎င်းပြောဆိုမှုများကို “ထိုင်းအချုပ်အခြာအာဏာကာကွယ်ရေးအဖွဲ့ မှ ငြင်းဆိုထားပြီး ဝန်ကြီးချုပ် နုတ်ထွက်ပေးရန် တောင်းဆိုမှုများကို ပိုမိုပြုလုပ်သွားမည်ဟု ပြောဆိုခဲ့သည်။
ထိုင်းဝန်ကြီးချုပ်နှင့် ကမ္ဘောဒီယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့ ဖုန်းပြောဆိုမှု မှတ်တမ်းပေါက်ကြား ခဲ့ပြီးနောက် ထိုင်းဝန်ကြီးချုပ်အား နုတ်ထွက်ပေးရန် ထိုင်းအချုပ်အခြာအဏာကာကွယ်ရေးအဖွဲ့မှ ဦးဆောင်ကာ ယခုလ ဇွန် ၂၈ ရက်နေ့မှစတင်၍ ဘန်ကောက်မြို့၊ အနုစာဝါရီရှိ Victory Monument ၌ ဆန္ဒပြတောင်းဆိုနေကြသည်။
အဆိုပါအဖွဲ့သည် ဝန်ကြီးချုပ် ချက်ချင်းနုတ်ထွက်ပေးရေးအပြင် ညွှန့်ပေါင်းပါတီများအားလုံး အစိုးရအဖွဲ့မှ နုတ်ထွက်ပေးရန်ကိုလည်း တောင်းဆိုခဲ့သည်။
အဆိုပါဆန္ဒပြပွဲသည် ထိုင်းနိုင်ငံ၏ ပြောင်းလဲနေသော နိုင်ငံရေး အခြေအနေတွင် အရေးပါသော ဖြစ်ပေါ်တိုးတက်မှုတစ်ခုဖြစ်ပြီး ထောက်ခံသူများနှင့် ဝေဖန်သူများ နှစ်ဖက်လုံးထံမှ အာရုံစိုက်မှုကို ရရှိနေသည်ဟု ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
ဆန္ဒပြသူများသည် အစိုးရ၏ ကာစီနိုလောင်းကစားရုံများ တည်ထောင်ရန် စီမံကန်း၊ Land Bridge မဟာစီမံကိန်းနှင့် နိုင်ငံခြားသားများအား မြေယာ ၉၉ နှစ် ငှားရမ်းမည့် အဆိုပြုချက်တို့ကိုလည်း ဆန့်ကျင်၊ ဆန္ဒပြခဲ့ကြသည်။
လွတ်လပ်သောအဖွဲ့အစည်းများ၊ ပြည်သူလူထုနှင့် အစိုးရမှ ခန့်အပ်သော အဖွဲ့နှင့်ညီလာခံပြုလုပ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရေးဆွဲရန်လည်းတောင်းဆိုခဲ့ကြသည်။
လာမည့် ဇူလိုင် ၁ ရက်နေ့တွင် နိုင်ငံရေးအပြောင်းအလဲများဖြစ်ပေါ်လာခြင်းမရှိပါက ကာလကြာရှည်စွာ ဆန္ဒပြပွဲများပြုလုပ်သွားမည်ဖြစ်ကာ ဆန္ဒပြပွဲများတွင် ကြိုတင်ပြင်ဆင်ကြရန် ဆန္ဒပြပွဲ ဦးဆောင်သူများမှ တိုက်တွန်းပြောဆိုထားသည်။
ယခင် ရှပ်နီခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာအား ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိသူ Jatuporn Prompan သည် ဝန်ကြီးချုပ်ဟောင်းသက်ဆင်၏ သမီးဖြစ်သူ ဝန်ကြီးချုပ်အဖြစ်ဆက်လက်ရှိနေခဲ့မည်ဆိုလျှင် နောက်ထပ် လှုပ်ရှားမှုများ ဆက်ရှိနေဦးမည်ဟု ၎င်းက ပြောသည်။
ထိုင်းအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Jirayu Houngsub မှ ထိုင်းအစိုးရအနေဖြင့် အာဏာသိမ်းရန် တောင်းဆိုမှုများကို ရှုတ်ချကြောင်းနှင့် ၎င်းကဲ့သိုသော လုပ်ရပ်များသည် နိုင်ငံ၏ တိုးတက်မှုကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။
ပြည်သူ့ပါတီကလည်း စနေနေ့ ဆန္ဒပြပွဲအပြီးတွင် ၎င်းတို့၏ Facebook စာမျက်နှာ၌ စစ်အာဏာသိမ်းမှုကို တရားဝင်ဖြစ်အောင် ကြိုးပမ်းမှုမှန်သမျှကို ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့အပြင် အဆိုပါ ဆန္ဒပြအဖွဲ့ကို ထောက်ခံနေခြင်းအား ပြန်လည်စဉ်းစားကြရန်လည်း လူထုကို တိုက်တွန်းခဲ့သည်။ ယင်းပြောဆိုချက်များကို ဆန္ဒပြပွဲအားဦးဆောင်သော ခေါင်းဆောင်များမှ ၎င်းတို့သည် စစ်အာဏာသိမ်းရန် တောင်းဆိုခြင်းမရှိဟု ငြင်းထားသည်။
ဆန္ဒပြအဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ Pichit Chaimongkol သည် အစိုးရနှင့် အတိုက်အခံပါတီများ နှစ်ဖက်လုံးမှ ဆန္ဒပြသူများကို အာဏာသိမ်းမှုကို ထောက်ခံသူများအဖြစ် မတရားစွပ်စွဲနေခြင်းဖြစ်ပြီး တကယ်တမ်းတွင် ဝန်ကြီးချုပ် မစ္စ ပေတုံတန် နုတ်ထွက်ပေးရေးကိုသာ ဖိအားပေးရန် အားထုတ်သင့်ကြောင်း ပြောကြားခဲ့သည်။