ရုရှား – ယူကရိန်းစစ်ပွဲဖြစ်ပွားခဲ့တဲ့ ၃ နှစ်ကျော်ကာလအတွင်း အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှုအဖြစ် ရုရှားက လက်နက် ၅၀၀ ကျော်နဲ့ ယူကရိန်းကို ညလုံးပေါက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းအရာရှိတစ်ဦးက ပြောခဲ့ပါတယ်။
ရှေ့တန်းစစ်မြေပြင်နဲ့ အလှမ်းဝေးကွာတဲ့ ယူကရိန်းအနောက်ပိုင်းဒေသတွေအပါအဝင် ဒေသအများအပြားကို ရုရှားက ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုတွေက ၃ နှစ်ကျော်လာခဲ့ပြီဖြစ်တဲ့ စစ်ပွဲကို ရပ်တန့်ဖို့ အဘက်ဘက်က ကြိုးပမ်းအားထုတ်နေမှုတွေကို အဆုံးသတ်သွားစေခဲ့ပါတယ်။
ယူကရိန်းကို ရုရှားက ဒရုန်း ၄၄၇ စင်း၊ ဒုံးကျည်အစင်း ၆၀ အပါအဝင် ဝေဟင်ပစ်လက်နက်စုစုပေါင်း ၅၃၇ ခု အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းလေတပ်က ပြောပါတယ်။ အဲဒီလက်နက်တွေထဲက ဒရုန်းနဲ့ ဒုံးကျည် ၂၄၉ စင်းကို ယူကရိန်းဘက်က ပစ်ချနိုင်ခဲ့ပြီး ၂၂၆ စင်းကတော့ ရေဒါကနေ ပျောက်ကွယ်သွားခဲ့တယ်လို့ ယူကရိန်းလေတပ်က ပြောပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်စစ်စတင်ခဲ့ပြီး အခုတိုက် ခိုက်မှုတွေက စတင်ချိန်ကတည်းကဆိုရင် အကြီးမားဆုံးလေကြောင်းတိုက်ခိုက်မှုဖြစ်တယ်လို့ ယူကရိန်းလေတပ်ဆိုင်ရာဆက်သွယ်ရေးအကြီးအကဲ ယူရီး အိုင်နတ် – Yuriy Ihnat က ပြောပါတယ်။
ရုရှားရဲ့ တိုက်ခိုက်မှုတွေအတွင်း စမီလာမြို့က လူနေ အဆောက်အအုံံ တစ်လုံးကို ဒုံးကျည်ထိမှန်ခဲ့ပြီး ကလေးတစ်ယောက် ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် ခါဆန်၊ ခါကဗ်နဲ့ ဒီနီပရိုပက်ထရော့ဗ်စ်မြို့က လူ သုံးဦး ဒရုန်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရသလို အခြားဒေသက နောက်ထပ်လူ သုံးဦးလည်း သေဆုံးခဲ့ပါသေးတယ်။
အနောက်နိုင်ငံမဟာမိတ်တွေက ယူကရိန်းကို ထောက်ပံ့ပေးထားတဲ့ F – 16 တစ်စင်း ပျက်ကျခဲ့ပြီး လေယာဥ်မှူး သေဆုံးခဲ့ပါတယ်။ ရုရှားဟာ မကြာသေးခင်ကပဲ ဒရုန်းနည်းပညာနဲ့ နည်းဗျူဟာပိုင်းဆိုင်ရာ တိုးမြှင့်ခဲ့တဲ့အတွက် ရုရှား – ယူကရိန်းစစ်ပွဲမှာ အောင်မြင်မှုတွေ တိုးမြှင့်ရရှိလာနေပါတယ်။
ယူကရိန်းသမ္မတ ဇာလန်စကီးကတော့ ရုရှားဟာ အသက်ရှင်သန်စေတဲ့ အရာအားလုံးကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။