ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ထိုင်း – ကရင်နယ်စပ် သောင်ရင်းမြစ်ဘေးရှိ လော့ခေါ်စစ်ရှောင်နှင့် ဒေသခံရွာသားအချို့ တိုက်ပွဲများနီးကပ်လာသည့်အခြေအနေကြောင့် ကြိုတင်နေရာရွှေ့ပြောင်းနေရပြီးဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
မြဝတီမြို့တောင်ဘက် နယ်စပ်စည်းမျဉ်းပေါ်တွင် ကျန်ရှိနေသည့် ဥကရစ်ထနှင့် ဝေါ်လေဗျူဟာကုန်းစခန်းကိုပူးပေါင်းတပ်ဖွဲ့ဘက်မှ တိုက်ခိုက်လျှင် နီးစပ်မှုအခြေအနေကြောင့် ဒေသခံတချို့ ဘေးလွတ်ရာကို နေရာရွှေ့ထားခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
၎င်းက “ လူကြီးတွေ၊ ကိုယ်ဝန်သည်တွေ၊ ကလေးအမေတွေတော့ နေရာတော့ ရွှေ့ထားတယ်။ ဒီထဲမှာ ကျွန်မကိုယ်ဝန်သည်တစ်ယောက်ကလည်း ကလေးမွေးနေတယ်။ ဆေးရုံပို့ရပြန်ရော။ ကျွန်မတို့နေရာကျတော့လည်း မစရသေးဘူးဆိုတော့ အကုန်လုံးကြိုတင်ပြင်ဆင်ရတယ်။ “ ဟု ပြောသည်။
လက်ရှိအချိန်မှာ လော့ခေါ်စစ်ရှောင်စခန်းတွင် စစ်ရှောင်ဦးရေ တစ်ရာဝန်းကျင်မှာရှိပြီး အမျိုးသမီးနှင့်ကလေးများ အများစုပါဝင်သည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ဖြစ်ပွားခဲ့သော လေးကေ့ကော်ဒေသတိုက်ပွဲများကြောင့် ပြည်သူများခိုလှုံနေရသော လော့ခေါ်စစ်ရှောင်စခန်းသည် ဥကရစ်ထနှင့် ဝေါ်လေဗျူဟာ စစ်ကောင်စီတပ်စခန်းနှင့် နယ်နမိတ်နီးကပ်သော ဒေသတွင်ရှိသည်။
စစ်ကောင်စီဘက်မှ လက်ကျန်စခန်းများမကျရေးအတွက် လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်နှင့်အမျှ တိုက်ခိုက်မှုရှိသောကြောင့် လော့ခေါ်အပါအဝင် သောင်ရင်းမြစ်ဘေးရှိစစ်ရှောင်စခန်းနှင့် ကျေးရွာများရှိ စာသင်ကျောင်းများပိတ်ထားရဆဲဖြစ်သည်။
အဆိုပါအခြေအနေကြောင့် တိုက်ပွဲဖြစ်ပွားမှုအပြင် စစ်ကောင်စီဘက်မှ အရပ်သားအပေါ် ဦးတည်ပြီး လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများကိုလည်း စိုးရိမ်နေရသည်ဟု ဒေသခံများကပြောသည်။
ယခု ဇွန်လ ၂၂ ရက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်များမှ ထီးကပလယ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သောကြောင့် ဝေါ်လေဒေသတွင် ဝေါ်လေဗျူဟာအပြင် စစ်တပ်ဘက်မှ သက်ရှိစည်းရိုးဇာတ်ကားအမည်ဖြင့် ဝါဒဖြန့်ထားသော ဥကရစ်ထစခန်းနှစ်ခုသာ ကျန်တော့သည်။
ပုံစာ – လော့ခေါ်စစ်ရှောင်စခန်းမှ ကလေးငယ်များ(သံလွင်ခက်)